စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာရှိ စစ်ကောင်စီတပ်စွဲရာ စခန်းအား အမျိုးသမီးဒရုန်းအဖွဲ့နှင့် မဟာမိတ်များက သွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် T.G.R People Defense Force က သတင်းထုတ်ပြန်သည်။
ဇူလိုင် ၂၂ရက် နံနက်၁၁နာရီခွဲခန့်က မြောင်မြို့နယ်၊ ကျောက်ရစ်ရွာရှိ စစ်ကောင်စီစခန်းအား ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအနီးကျရောက်ပေါက်ကွဲခဲ့ကြောင်း T.G.R PDF အဖွဲ့တာဝန်ခံက ပြောသည်။
စစ်ဆင်ရေးကို T.G.R People Defense Force၊ T.G.R Women Drone Forceနှင့် မဟာမိတ်များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထိုသို့တိုက်ခိုက်ပြီးနောက် ကင်းပုန်းဝပ်နေသော စစ်သားများနှင့် မဟာမိတ်အဖွဲ့များအပြန်အလှန် ပစ်ခတ်မူဖြစ်ပွားခဲ့ကြောင်း သိရသည်။

Public Service Announcement
ထို့အပြင် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။
“စခန်းအနီး ကပ်ပစ်ခဲ့တာပါ။ ဒရုန်းတွေ အဆင်မပြေလာတော့ ဒရုန်းတပ်ဖွဲ့အနေနဲ့က ဒီလိုမျိူးအဝေးပစ် လက်နတ်တွေပစ်ခတ်ရတာပါ။ ရရာလက်နတ်နဲ့တိုက်ခိုက်ရတာပါ။ ရဲဘော်တွေ ပြည်သူတွေကို သွေးမအေးဘူးဆိုတဲ့ကြောင်းလည်း ချပြတာပါ။”ဟု TGR PDFအဖွဲ့တာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို T.G.R People Defense Force၊ T.G.R Women Drone Force၊ကျောက်ဆည်ခရိုင်တပ်ရင်း(၂)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၂) တပ်ခွဲ(၃)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၆) တပ်ခွဲ(၃)၊ အညာမြေ(ကျောက်ပန်းတောင်း)၊ မြောင်မြို့နယ်(ပကဖ)အင်အားစုနှင့် နယ်မြေခံအဖွဲ့အစည်း မဟာမိတ်ညီနောင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
မြောင်မြို့နယ်တွင် တိုက်ပွဲအရှိန် မြှင့်တင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်အုပ်စုနှင့် တက်နိုင်သမျှအဝေးဆုံး၌နေရန် ဒေသတွင်းပြည်သူ့ရဲဘော်များက မေတ္တာရပ်ခံထားသည်။


















































