လူသားစာနာ၊ ဘေးစီမံဝန်ကြီးဌာနအနေဖြင့် ကရင်နီဒေသသို့ ကျပ်သိန်း ၄,၃၀၀ကျော် အကူအညီများ ပေးအပ်ပြီးဖြစ်ဟုဆို
ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအားအစားအစာနှင့် အမိုးအကာများ ဆက်လက်ထောက်ပံ့ပေးလျက်ရှိပြီး ကျပ်သိန်း ၃၈၀ ကျော်အကူအညီများ ပေးအပ်နေသည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်သည်။
NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွင်းရှိ စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကြောင့် အတိဒုက္ခကြုံတွေ့နေကြရသည့် စစ်ဘေးရှောင်ပြည်သူများကို ပြည်သူမှပြည်သူသို့ လှူဒါန်းငွေများဖြင့် လူသားချင်းစာနာထောက်ထား မှုအကူအညီများ ထောက်ပံ့ပေးအပ်နေခြင်းဖြစ်ပြီး လတ်တလော ကရင်နီ စစ်ရှောင်များအား ကူညီမှု အခြေအနေကို အသိပေးခြင်းဖြစ်သည်။
ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီ၏ ကြည်းတပ်၊ လေတပ်တို့မှ အလွန်အမင်းအင်အားသုံးတိုက်ခိုက်မှုများကြောင့် လတ်တလော နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ကရင်နီဒေသခံပြည်သူများအတွက် စုစုပေါင်းငွေကျပ် ၃၈၀ကျော် တန်ဖိုးရှိဆန်ရိက္ခာ၊ အမိုးအကာနှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိကြောင်းထုတ်ပြန်သည်။
လူသားစာနာဝန်ကြီးဌာန စတင်ဖွဲ့စည်းသည့် ၂၀၂၁ ဧပြီမှ ယခု အချိန်ထိ ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို လတ်တလောအရေးပေါ် သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် အမိုးအကာလိုအပ်ချက်များ ပံ့ပိုးခြင်း၊ ထိတွေ့တိုက်ပွဲများ၌ ထိခိုက်ဒဏ်ရာရရှိသူများ၊ ကျဆုံးသူ (ပြည်သူ/ ရဲဘော်)များ၏ ကျန်ရစ်သူမိသားစုများအတွက် လူသားချင်းစာနာမှု အကူအညီပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ စုစုပေါင်းငွေကျပ် ၄၃၈သန်း (ကျပ်သိန်း ၄၃၀၀ကျော်)ထောက်ပံ့ခဲ့ပြီးဖြစ်သည်ဟု အသိပေးသည်။

Public Service Announcement
ကရင်နီပြည်အတွင်းရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်ရာတွင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ Coordination Team for Emergency Relief-Karenni (CTER)၊ Freelance Volunteer Myanmar (FVM)၊ ကရင်နီပြည်အခြေစိုက် CBOs/ CSOs များနှင့်လက်တွဲ၍ ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု ဆိုသည်။


















































