ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရ၊နေအိမ် ၅၀ခန့် မီးရှို့ဖျက်ဆီးခံရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ လေးဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
သြဂုတ်၁၂ ရက်က စစ်ကိုင်းမြို့နယ်မှ ကူးလာသည့် စစ်တပ်က ပဲ့သကြီးကျေးရွာရှိ အသက် (၃၀)အရွယ် မသန်စွမ်းအမျိုးသား တစ်ဦးနှင့် ထန်းကြီးရွာရှိ ဒေသခံ နှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း၊ ထို့အပြင် အသက် (၅၀)ခန့် အမျိုးသား တစ်ဦးလည်း ကြောက်လန့်၍ နှလုံးရပ်သေဆုံးခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

ယမန်နေ့ (သြဂုတ် ၁၃ ရက်)ကလည်း ဧရာဝတီမြစ်အတွင်းမှ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းသည် ဝက်လက်မြို့နယ်၊ကမ်းဖြူအုပ်စု ငါးပတ်ချောင်းကျေးရွာအား ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၅၀ခန့်ပျက်စီးခဲ့ပြီး ကားတစ်စီးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းအဖွဲ့မှ ဗိုလ်ကင်းက ပြောသည်။

Public Service Announcement
ငါးပတ်ချောင်းရွာသည် ယခင်ကလည်းတစ်ကြိမ်မီးရှို့ခံရဖူးပြီး နေအိမ် ၁၂၀ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် ငါးပတ်ချောင်းကျေးရွာ အား မီးရှို့ဖျက်ဆီးပြီးနောက် ကျောက်မြောင်းဘက်သို့ ဆန်တက်သွားကြောင်း ကင်းထောက်မြေပြင်သတင်းအဖွဲ့က ပြောသည်။
အလားတူ ယမန်နေ့ညပိုင်းကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း ထုံးဘိုကုန်းကျေးရွာအားစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခက်မှုကြောင့် နေအိမ်တစ်အိမ်ရှိ အသက်(၆၀) ခန့်အရွယ် ဒေါ်ဌေးနှင့် (၁၀)နှစ်အရွယ် မမြတ်စုတို့ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“စစ်ကြောင်းက ရွှေဘိုနယ် ကျောက်မြောင်းတပ် က။ အဲကနေ သံခွံမော်တော်နဲ့ ထွက်ထွက်လာပြီ စစ်ကြောင်းထိုးနေတာ။ ထုံးဘိုရွာ လက်နက်ကြီးထုတာလည်း အဲကောင်တွေပဲ။ မြစ်ရေတက်ချိန် ဆိုတော့ သံခွံနဲ့ စစ်ကြောင်းထိုးနေတာ။”ဟု ကင်းထောက်မြေပြင်သတင်းအဖွဲ့မှ ဗိုလ်ကင်းက ပြောသည်။
သြဂုတ် ၁၄ ရက်ကလည်း ဝက်လက်မြို့နယ်၊ ပေါက်ကန်ရွာအား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသား သုံးဦး၊အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
