စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်အား သုံးရက်အတွင်း ခုနစ်ကြိမ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။
သြဂုတ် ၁၈ရက် နံနက် ၁၁နာရီခွဲခန့်က ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာရောက်ရှိပြီးပြည်သူပိုင်ပစ္စည်းများ ခိုးယူနေသော အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းအား ဗုံးသီးသုံးလုံး၊ သြဂုတ် ၁၉ရက်တွင် နွားခြံကုန်းကျေးရွာ၌ပင် အင်အား ၂၀၀ခန့် အင်အားဖြည့်ထားသည့် စစ်ကြောင်းအား ဗုံးသီးနှစ်လုံးဖြင့်လည်းကောင်း တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမာန်လေကြောင်း စစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။
သြဂုတ် ၁၉ရက် ည ၉နာရီခွဲခန့်တွင် ကနီမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းအား ဗုံးသီး သုံးလုံးနှင့် သြဂုတ် ၂၀ရက် နံနက် ၁နာရီခွဲခန့်တွင် ကနီရဲစခန်းအတွင်းသို့ ဗုံးသီးတစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။
ထို့အပြင် သြဂုတ် ၂၀ရက်၌ပင် နံနက် ၃နာရီခန့်နှင့် မွန်းတည့် ၁၂နာရီခန့်တွင် ကနီမြို့နယ် ရေလယ်ကျွန်း ပျူစောထီးရွာရှိ စခန်းအတွင်း ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၁၀ နာရီခွဲခန့်တွင်လည်း ကနီမြို့ ရဲစခန်းအတွင်းသို့ ဗုံးသီးတစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမာန်လေကြောင်း စစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
“အဲ့ဘက် ကနီနဲ့ယင်းမာပင်နယ်စပ်မှာပန်းတိမ်ညင်သစ်ကွင်းထဲက သစ်တွေကိုခိုးယူနေတာနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း အစွမ်းကုန်ခုခံကာကွယ်နေတာပါ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
စစ်ဆင်ရေးများတွင် စစ်တပ်ဘက်က ထိခိုက်မှုများရှိပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့၀င်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

ထိုစစ်ဆင်ရေးများတွင် Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF၊ မုံရွာခရိုင်တပ်ရင်း(၂၄)ခွဲ(၃)တိမ်တမာန်လေကြောင်းစစ်ဆင်ရေး၊ နဂါးညီနောင်တပ်ဖွဲ့၊ ဗိုလ်ချုပ်၊၀က်လက်၊ wings Of Kalay ကလေး၊ ကျောက်လုံးကြီးKLGတပ်မဟာ၊ အနောက်ပိုင်းတိုက်ခိုက်ရေး (001)CDSOM၊ MRTF အရာတော်၊ စစ်ကိုင်းခရိုင်၊တပ်ရင်းအမှတ်(၄)MSPDF၊ Seven People Defense Force-Mandalay၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့၊ ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကားထောက်ပို့အဖွဲ့၊ Support To Federal Democracy၊ မဖြူလေး၊ မနီလေးနှင့် ဒေသခံတပ်ရင်း၊တပ်ဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူလူထု၏ တော်လှန်ရေးရန်ပုံငွေများစုစည်းကာ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တပ်ရင်းများသို့ ဒရုန်းအစင်းရေ ၄၀၀ကျော် ပို့ဆောင်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(သြဂုတ် ၂၂ ရက်)တွင်ထုတ်ပြန်ထားသည်။


















































