မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် နဘူးတောကျေးရွာ တပ်စွဲသည့်စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စက်တင်ဘာ ၂၉ရက် ညနေ ၃နာရီခန့်က နွားထိုးကြီးမြို့နယ်၊ နဘူးတောကျေးရွာ၌အင်အား ၂၀ကျော်ဖြင့်တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့်ဗုံးသီး ခြောက်လုံးချ တိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး PDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဒရုန်းဖြင့်တိုက်ခိုက်ပြီးနောက် အပြန်အလှန်ထိတွေ့တိုက်ပွဲ ၂နာရီခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း အထက်ပါတာဝန်ခံက ပြောသည်။
“စစ်တပ်က အဲဒီနေ့ကမှ နဘူးတောကိုရောက်တာ။ ဒရုန်းချပြီးမှ တိုက်ပွဲဖြစ်တာ။ သူတို့ကိုဘယ်ကမှ စစ်ကူမပေးဘူး။ ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေကို ညခင်း ၁၂ နာရီလောက်မှ လာသယ်သွားတာ”ဟု နွားထိုးကြီး PDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
စစ်ကောင်စီတပ်အား ကျေးရွာတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများထိခိုက်မှုမရှိကြောင်း၊ ရဲဘော်တစ်ဦးသာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က အထိအခိုက်များ၍ သတင်းမပေါက်ကြားစေရန် ကျေးရွာရှိ ပြည်သူများအား အဝင်၊ အထွက် ပိတ်ဆို့ထားကြောင်း နွားထိုးကြီးသတင်းစုံက ဖော်ပြသည်။
အဆိုပါ စစ်ဆင်ရေးကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း၊ Myingyin District Drone Strike၊ MDY PDF(မန္တလေးခရိုင်တပ်ရင်း_၃)၊ နဂါးနီပြောက်ကြားတပ်ဖွဲ့(မြင်းခြံ)၊ ရွှေခြံသားပြောက်ကြားတပ်ဖွဲ့(မြင်းခြံ)၊ ဗိုလ်စားပြောက်ကြားတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။
နွားထိုးကြီးမြို့နယ်အတွင်း အင်အား ၂၀ခန့်ပါ စစ်ကြောင်းငါးကြောင်းသည် စစ်ကြောင်းထိုးနေသည်မှာ ၆လခန့် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
အလားတူ စက်တင်ဘာ၂၈ရက် ညကလည်း နွားထိုးကြီးမြို့ရှိ ဆောက်လုပ်ရေးရုံးကို နွားထိုးကြီးNRDFနှင့် မဟာမိတ်တို့က ဗုံးသီးနှစ်လုံး၊ ရဲစခန်းအား ဗုံးသီး တစ်လုံးချတိုက်ခိုက်ခဲ့သေးသည်။


















































