ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အရက်မူးပြီး စခန်းအပြင်ထွက်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅ မှ ယနေ့(အောက်တိုဘာ ၂၆)အသိပေးထုတ်ပြန်သည်။
မင်းလှနယ်၊ ပဲခူးရိုးမအတွင်းရှိ ဘန့်ဘွေးကုန်းကျေးရွာတွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်မှ တပ်သားနှစ်ဦးသည် အောက်တိုဘာ ၂၀ ရက် ည ၁၀နာရီခန့်က အရက်မူးပြီး စခန်းအပြင်သို့ ထွက်လာစဥ် တပ်ခွဲ-၅ ၏ ရဲဘော်များမှ အနီးကပ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ခုပစ်လိုက်တဲ့နှစ်ကောင်က မူးပြီးထွက်လာတာ။ ကျွန်တော်တို့ရဲဘော်တွေက ကိစ္စတခုနဲ့ အဲ့ဘက်လာရင်း သူတို့ထွက်လာတာတွေ့လို့ အနီးကပ်ပစ်လိုက်တာ။ တကောင်က ၃ ချက် တစ်ကောင်က ၂ချက်”ဟု သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။
ထိုပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သေဆုံးထိခိုက်မှုအား အတည်ပြုနိုင်ရန်စုံစမ်းခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး နေရာတွင် သေဆုံးပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ သေဆုံးရုပ်အလောင်းအား ညတွင်းချင်း ဖျောက်ဖျက်လိုက်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
အထက်ပါ ဘန့်ဘွေးကုန်းကျေးရွာသည် မင်းလှမြို့နယ်အပိုင် မင်းလှ-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်းပေါ်တွင်တည်ရှိပြီး ယင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ အင်အား ၂၀ ကျော်ဖြင့် အထိုင်ချတပ်စွဲထားခြင်း ဖြစ်သည်။

Public Service Announcement
အောက်တိုဘာ ၂၂ ရက်ကလည်း မင်းလှနယ်၊ ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၅ မှ ဧက ၂၀၀ ကျွန်းစိုက်ခင်းအနီး ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။
