ရှမ်းပြည်နယ်မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့၏ ‘၁၀၂၇စစ်ဆင်ရေး’ကို ထောက်ခံခြင်းနှင့်အတူ တိုက်ပွဲများဖော်ဆောင်နေပြီး စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းမိထားကြောင်း Earthquake People’s Defence Force (Pakokku)က ယမန်နေ့ ထုတ်ပြန်သည်။
အောက်တိုဘာ ၃၀ရက်ကစ၍ ပေါက်မြို့နယ် ကန်သစ်ကျေးရွာသို့ ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းကို မိုင်းပွိုင့် ၄ပွိုင့် မိုင်း၂၁ခုခန့်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားထိခိုက်မှုရှိခဲ့ပြီး ကန်သစ်ကျေးရွာမှ နွားလှည်းများဖြင့် တင်ဆောင်၍ ဖလံကိုင်းရေနံမြေရဲစခန်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့ကြောင်း ဖော်ပြသည်။
ထို့အတူ အောက်တိုဘာ ၃၁ရက်တွင် စစ်ကောင်စီတပ်သားများအခြေပြုနေထိုင်သည့် ဖလန်ကိုင်းရေနံမြေရဲစခန်းသို့ ပစ်မှတ်ထား၍ ဗုံးသီးအလုံးရေ ၁၄၀ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
ယခုလ ၁ ရက်တွင် ကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီတပ် စစ်ကြာင်းမှ ထွက်လာနိုင်သော နေရာများ ပိတ်ဆို့နေရာယူခဲ့ရာ နံနက် ၁ နာရီ ၄၇ မိနစ် တွင်လှုပ်ရှားမှုတွေ့ရှိ၍ ပစ်ခတ်တိုက်ခိုက် ရာ အထိနာပြီး ရှေ့သို့ဆက်လက်တိုးရဲခြင်း မရှိပဲ မကျည်းကုန်ကျေးရွာအရှေ့ဘက်မှ ၎င်းတို့ အခြေပြုစခန်းသို့ ပြန်လည်ဝင်ရောက်ခဲ့ရသည်ဟု ဆိုသည်။
ယနေ့(နိုဝင်ဘာ ၂ရက်) နံနက် ၃ နာရီ ၁၅မိနစ်ခန့်တွင်လည်း ဖလံကိုင်းကျေးရွာမှ သစ်ကြီးတော၊ ထန်းပေါက်ကုန်း၊ဂွေးကြီးယို၊ ကံသာကုန်း ကျေးရွာဘက်သို့ စစ်ကောင်စီတပ်က ထွက်လာပြီး ထမ်းစဉ်များဖြင့် ဒဏ်ရာရစစ်ကောင်စီတပ်သားများ ပါရှိကြောင်းလည်း သိရသည်။
အဆိုပါစစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့များမှ ပစ်ကွင်းကောင်းသောနေရာများတွင် အသင့်စောင့်ကြို၍ ယနေ့ နေလယ် ၃ နာရီကျော်ခန့်က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၉ဦးထက်မနည်းသေဆုံးပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်က Mi -35 လေယဉ်ဖြင့် လာရောက်ခဲ့ရသည်ဟု Earthquake People’s Defence Force (Pakokku) က အ တည်ပြုသည်။
ထို့အပြင် ၎င်းစစ်ကြောင်းမှ ထွက်ပြေးလာသူ တပ်သား ခင်မောင်ထွေးအား ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်အဖြစ် ကောင်းမွန်စွာထားရှိကာ လိုအပ် သော အသေးစိတ်အချက်အလတ်များ စစ်ဆေးနေကြောင်း အသိပေးသည်။
၎င်း၏ ကနဦးထွက်ဆိုချက်အရ တပ်မ(၁၀၁) လက်အောက်ခံ တပ်ရင်း(၂၅၁ )တပ်ရင်း (၇၀၄) တို့မှ အင်အား ၂၅၀ခန့် နှင့် ပျူစောထီး ၆၂ဦး ပါရှိသည်။
လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပဲ Earthquake People’s Defence Force (Pakokku)မှ ပြန်ကြားရေးတာဝန်ခံနှင့် ဆက်သွယ်နေဆဲဖြစ်သည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ဒေသခံပြည်သူ ၃၀ကျော် ဖမ်းဆီးထားကာ ပခုက္ကူမြို့မှ ထွက်လာစဉ်အချိန်မှစ၍ ပြည်သူ ၁၁ဦးအား သတ်ဖြတ်ခဲ့ပြီဖြစ်ကြောင်း ဖမ်းဆီးမိသည့် တပ်သားခင်မောင်ထွေးက ထွက်ဆိုထားသည်။
ဖမ်းမိထားသည့် တပ်သားခင်မောင်ထွေး၏ သိုဝှတ်ခဲ့သော လက်နက်ခဲယမ်းများကို ရှာဖွေသွားမည်ဖြစ်ပြီးတွေ့ရှိ၊ မရှိမှုအပေါ် ဆက်လက်ထုတ်ပြန်မည်ဟု ဆိုသည်။
ယခုတိုက်ခိုက်မှုများတွင် မြိုင် -ပကဖ |ပေါက် -ပကဖ ၊Earthquake People Defence Force (Pakokku)၊ တောင်ညို နဂါး ၊ပေါက် ဗိုလ်တစ္ဆေ အဖွဲ့ ၊ပေါက် ဗိုလ်နားပေါက်အဖွဲ့ ၊ မြိုင် နဂါးနီ ၊ မြိုင် – ပအဖ ၊မြိုင်- ပလဖ ၊ မြိုင် ကျေးရွာကာကွယ်ရေးအဖွဲ့ ၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ ၊ ပခုက္ကူ မြို့ပြပျောက်ကျားတပ်ဖွဲ့ နှင့် အခြားပူးပေါင်းကာကွယ်ပေါင်းများစွာ တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။


















































