စစ်ကိုင်းတိုင်း ကောလင်းမြို့မရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မြို့ပေါ်၌ တိုက်ပွဲဖြစ်နေကြောင်း သတင်းရရှိသည်။
“ကောလင်းရဲစခန်းရပြီ။ နိုင်ကျဉ်းတွေအပါအဝင် မတရားအဖမ်းခံထားရတဲ့ အချူပ်သားတွေအကုန်လွှတ်ပေးလိုက်တယ်”ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။
ကောလင်းမြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ်အပါအဝင် စစ်ကောင်စီပစ်မှတ်နေရာများကို ယနေ့(နိုဝင်ဘာလ ၃ရက်) နံနက်တွင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နံနက် ၈နာရီ ၅၀ မိနစ်တွင် စစ်ကောင်စီက ကောလင်းမြို့ပေါ်ရပ်ကွက်များအတွင်းသို့ ဂျက်ဖိုက်တာဖြင့် ပစ်ခတ်သွားသော်လည်း ပြည်သူများထိခိုက်မှုမရှိခဲ့ကြောင်း သတင်းရရှိသည်။

Public Service Announcement
ကောလင်းမြို့အတွင်း ပိတ်မိနေသောပြည်သူများအနေဖြင့် လက်ရှိအချိန်ထိ မိမိနေအိမ်အတွင်းသာနေထိုင်ရန်နှင့် မလိုအပ်ပါကအပြင်မထွက်ကြရန် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။ ဒဏ်ရာရပြည်သူများရှိပါက Page Messagerမှတဆင့် ဆက်သွယ်ရန်နှင့် အရေးပေါ်အခြေအနေတွင် ဆက်သွယ်ရန် တယ်လီဂရမ် QR Code ကို Kawlin Revolution -IR က ယနေ့ ထုတ်ပြန်အသိပေးသည်။
လိုအပ်ပါက မြို့နယ်ပြည်သူအုပ်ချုပ်ရေး၊မြို့နယ်ပြည်သူ့လုံခြုံရေး၊PDFနှင့်ပကဖတို့ပူးပေါင်းပြီး ပြည်သူများအား ဘေးကင်းရာသို့ ရွေ့ပေးနိုင်ရန်စီစဥ်နေကြောင်း လျှက်ရှိနေကြောင်းသတင်းကိုKawlin Revolution -IR က ထုတ်ပြန်ထားသည်။
ကောလင်းမြို့တိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF များအပြင် ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များပါ ဝင်ရောက်တိုက်ခိုက်နေကြောင်းသတင်းရရှိသည်။


















































