Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းရွာရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေယာဉ်ပစ်ကူပေးမည်ဟုလိမ်ညာပြီး PDFကို ခုခံတိုက်ရန် ရဲများအား ညွှန်ကြားခဲ့

ရဲမှူးလှိုင်မြင့်သိန်းဆိုသူက မင်းရွာရဲစခန်းတိုက်ခိုက်ခံရမှု အခြေအနေကို ဗိုလ်အေးမင်းစိုးဆိုသူထံ မေးမြန်းရာ စခန်းရှိ ရဲတပ်ဖွဲ့ဝင်က အစပိုင်း၌ ထိခိုက်မှုမရှိကြောင်း ပြန်လည်ဖြေကြားသည်။

(ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ ရဲများလက်နက်ချအညံ့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - NUG/MOD)
(ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ ရဲများလက်နက်ချအညံ့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - NUG/MOD)

▪️၄နာရီကျော်ကြာ ခုခံတိုက်ခိုက်ခဲ့သော်လည်း လေယာဉ်ပစ်ကူမလာခဲ့ပေ

▪️“မကြောက်နဲ့ မကြောက်နဲ့ အခုလေယာဉ်လာနေပြီ။ဟိုကလည်း ဆီထည့် ဘာထည့်နဲ့ လာနေပြီ။ တောင့်ထား” ၊“တောင့်ခံထား လေယာဉ်လာနေပြီ လေပေါ်ရောက်နေပြီ” – စစ်ကောင်စီအရာရှိ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့မှ ၎င်းတို့ အရာရှိထံ လေကြောင်းပစ်ကူတောင်းခံရာ ပစ်ကူမကြာမီ လာတော့မည်ဟု စစ်ကောင်စီ အရာရှိက လိမ်ညာပြောဆိုပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့ကို ပြန်ခံတိုက်ရန် ပြောကြားခဲ့ရာ ခုခံတိုက်ခိုက်သည့် ရဲများ သေဆုံးခဲ့ရသည်။

နိုဝင်ဘာ ၃ရက်တွင် မင်းရွာရဲစခန်းကို PDFတပ်များ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် အခြားတော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ လေကြောင်းပစ်ကူတောင်းခံခဲ့သည့် ဗိုလ်အေးမင်းစိုး အပါအဝင် ၆ဦး သေဆုံးကာ လက်နက်ချ အညံ့ခံသူ ၁၁ဦးအသက်ရှင်ခဲ့သည်။ အဆိုပါ ပစ်ကူတောင်းသည့် ဖုန်းပြောသည့် အသံဖိုင်ကို Red News Agencyက ယမန်နေ့တွင် ဖော်ပြသည်။

ရဲမှူးလှိုင်မြင့်သိန်းဆိုသူက မင်းရွာရဲစခန်းတိုက်ခိုက်ခံရမှု အခြေအနေကို ဗိုလ်အေးမင်းစိုးဆိုသူထံ မေးမြန်းရာ စခန်းရှိ ရဲတပ်ဖွဲ့ဝင်က အစပိုင်း၌ ထိခိုက်မှုမရှိကြောင်း ပြန်လည်ဖြေကြားသည်။

Public Service Announcement

Public Service Announcement

အင်အားဘယ်လောက်ရှိလဲဟု စစ်ကောင်စီလက်အောက်ခံ ရဲမှူးလှိုင်မြင့်သိန်းက မေးမြန်းရာ အင်အားများကြောင်း ၊ တိုက်ပွဲအနီးကပ်ဖြစ်နေကြောင်း ဖြေကြားသည်။

ထပ်မံ၍ စစ်ကောင်စီ အရာရှိက အခြေအနေမေးမြန်းရာ “အခြေအနေက ကျနော်တို့ဆီက နှစ်ယောက်ထိထားတယ်။ အခြေအနေမကောင်းဘူး။ သုံးယောက်ရှိသွားပြီ။ ဟိုဘက်က တော်တော်များတယ် အဘ။ လေယာဉ်ပစ်ကူတောင်လာမှရတော့မယ်။ လေယာဉ်ပစ်ကူမှရတော့မယ်”ဟု ပြောကြားရာ စစ်ကောင်စီ အရာရှိက “အေးအေး ဟုတ်ပြီ”ဟု ပြန်လည်ဖြေကြားသည်။

တိုက်ပွဲပြင်းထန်နေ၍ စစ်ကောင်စီအရာရှိကမေးမြန်းမှုကိုပင် ရဲကကောင်းမွန်စွာ ဖြေဆိုနိုင်ခြင်းမရှိပေ။

လေယာဉ်ပစ်ကူပေးရန် ရဲက ထပ်မံတောင်းဆိုရာ ဟုတ်ပါပြီဟု ပြောကြားသည်ကို တွေ့ရသည်။

နောက်ထပ် အသံဖိုင်တွင် ဗိုလ်လေးကျသွားပြီဖြစ်ကြောင်း ရဲဘက်က ဦးစွာပြောသည်။

“ဗိုလ်လေးကျသွားပီ လုပ်ပါအုံး” ၊ “ဟာ ဘယ်ကိုမှန်သွားတာလဲ”၊ “ အကုန်လုံးထိသွားပြီ လေယာဉ်ပစ်ကူပေးပါအုံး”ဟု အပြန်အလှန်ပြောဆိုပြီး လေယာဉ်ပစ်ကူပေးရန် အကြိမ်ကြိမ်တောင်းဆိုရာ စစ်ကောင်စီအရာရှိက “အေးအေး ဟုတ်ပြီ ဟုတ်ပြီ”ဟုသာ ပြောသည်။

လေယာဉ်ပစ်ကူပေးရန် ကျည်ထိထားဟန်တူသည့် ရဲက တောင်းဆိုရာ “အေးအေး ညီလေး ခဏတောင့်ထား”ဟု စစ်ကောင်စီဘက်က ပြောသည်။

“ဗိုလ်လေးဖုန်းကို ယူထား အကိုဖုန်းဆက်မယ် ကိုင်ထား၊ ညီလေးတောင့်ထားနော်။ ဘာမှ မဖြစ်ဘူး၊ ဘာမှ မဖြစ်ဘူး။ စိတ်မလျှော့နဲ့ခံပစ် ဘာမှ မဖြစ်ဘူး။ မင်း အဲဒီမှာ ဒီကနေ လေအကူထပ်ပစ်အုံးမှာ”ဟု စစ်ကောင်စီအရာရှိက ပြန်လည်ပြောဆိုသည်။

ရဲဘက်က အကုန်ထိနေပြီဟု ပြောဆိုရာ “အေး မင်း ဗိုလ်လေးရဲ့ ခြောက်လုံးပြူးရှိတယ် မင်းကိုင်ထား”ဟု စစ်ကောင်စီဘက်ကပြောသည်။ ကျည်အပိုတွေ ကိုင်ထား လက်ပစ်ဗုံးပါကိုင်ထားဟု စစ်ကောင်စီအရာရှိက ပြောသည်။

ဆက်လက်၍ စစ်ကောင်စီ အရာရှိက ” မကြောက်နဲ့ မကြောက်နဲ့ အခုလေယာဉ်လာနေပြီ။ဟိုကလည်း ဆီထည့်ဘာထဲနဲ့ လာနေပြီ။ တောင့်ထား။ ကိုင်ထားညီလေးဖုန်းကိုင်ထား” ဟု စစ်ကောင်စီ အရာရှိကပြောဆိုရာ ရဲက စကား ပြန်မပြောနိုင်ဘဲ တအားအား အော်ကာ အသက်ရှုကျပ်နေပြီဟု ပြောဆိုသံသာ ကြားရသည်။

ထိုစဉ် စစ်ကောင်စီ အရာရှိက “မငိုနဲ့ ယောကျ်ား ခဏတောင့်ထား”ဟု ဒဏ်ရာရရဲကို ပြန်ပြောကြားသည်ကို ကြားရသည်။

ဒဏ်ရာရရဲက လေယာဉ်ပစ်ကူ လာပေးရန် ထပ်မံတောင်းဆိုရာ စစ်ကောင်စီအရာရှိက “စိတ်တင်းထား စိတ်ကို မလျှော့ပစ်လိုက်နဲ့ ။ ညီလေးကို လေယာဉ်နဲ့တခါတည်းခေါ်မှာမပူနဲ့။ ညီလေးတောင့်ထားနော်”ဟု ပြောဆိုခဲ့သည်။

ထပ်မံ၍ အခြေအနေဘာထူးသေးလဲဟု မေးမြန်းရာ “အခြေအနေမကောင်းဘူး ဒရုန်းတွေနဲ့အကုန်ချနေတယ်”ဟု ရဲဘက်က ဖြေကြားရာ “ညီလေးတို့နား ဘယ်နှစ်ယောက်ကျန်သေးလဲ”ဟု စစ်ကောင်စီအရာရှိက ပြောသည်။

ဒဏ်ရာရ ရဲက လေယာဉ်ပစ်ကူလာပေးရန်သာ ထပ်မံတောင်းဆိုရာ “လာပြီလာပြီ”ဟု ပြောဆိုပြီး တောင့်ခံထားရန် ပြောကြားသည်။ ” တောင့်ခံထား လေယာဉ်လာနေပြီ လေပေါ်ရောက်နေပြီ”ဟု ထပ်မံ လိမ်ညာပြောဆိုသည်ကို ကြားရသည်။

ထပ်မံ၍ စစ်ကောင်စီ အရာရှိက ဖုန်းဆက်၍ အခြေအနေမေးမြန်းရာ ဒဏ်ရာရရဲက “ အခြေအနေက မကောင်းဘူး စခန်းထဲအထိ ဝင်လာပြီ” ဟု ပြောရာ အရာရှိက “လေယာဉ်ရောလာပစ်သွားလား” ဟုမေးမြန်းရာ “ လေယာဉ် အသံကို မကြားရဘူး”ဟု ဒဏ်ရာရရဲက ဖြေကြားသည်။

ဘယ်နှစ်ယောက်ထိထားလဲဟု မေးမြန်းရာ သန်းဇော်ဦးဆိုသည့် ရဲက ၎င်းလည်း ထိထားကြောင်းပြန်ပြောသည်။ “လက်နက်ကြီးပစ်တာ ဟိုကောင်တွေ(PDF ပူးပေါင်းတပ်)ထိလား”ဟု စစ်ကောင်စီ အရာရှိက မေးမြန်းရာ သန်းဇော်ဦးဆိုသည့် ရဲက “ဝေးတယ်”ဟု ဖြေကြားသည်။

ဆက်လက်၍ စစ်ကောင်စီ အရာရှိက “တို့ဆီက ဘယ်နှစ်ယောက်ထိထားလဲ”ဟုထပ်မံ မေးမြန်းရာ ရဲက “ကျနော်တို့ဂိတ် မီးလောင်နေပြီ”ဟု ဖြေကြားသည်။

ခဏတောင့်ထားညီလေးဟု စစ်ကောင်စီဘက်က အရာရှိက ပြောကြားရာ ရဲက “လုပ်ကြပါအုံးဗျာ” ဟုပြောပြီး အသံပြတ်တောက်သွားသည်။

အဆိုပါ မင်းရွာ ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ရဲဘက်က ၆ဦးသေဆုံးကာ လက်နက်ချအညံ့ခံသူ ၁၁ဦးရှိပြီး ၅ဦးထွက်ပြေးသွားရာ ထွက်ပြေးသူ ၅ဦးစလုံးကို PDFက ပြန်လည်ဖမ်းမိခဲ့သည့် ယင်းစခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီထံမှ လက်နက် ၁၇လက် နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့သည်။

မင်းရွာရဲစခန်းကို နိုဝင်ဘာ ၃ရက် နံနက် ၅နာရီ ၅၀ မိနစ်တွင် အမှတ် (၁)စစ်ဒေသ ညွန်ကြားမှု ၊ ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုတို့ဖြင့် ABSDF နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ဂန့်ဂေါခရိုင် အမှတ်(၁/၇/၁၁/၁၂/၁၄/၁၉)တပ်ရင်း၊ Viper UAV Force ၊ နယ်မြေခံ ပ.က.ဖ တို့မှ ဝင်ရောက်စီးနင်းခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ စခန်းသိမ်းတိုက်ခိုက်လာမှုကို လေကြောင်း ပစ်ကူပေးရန် အကြိမ်ကြိမ်တောင်းဆိုရာ လေကြာင်း ပစ်ကူပေးမည်ဟု စစ်ကောင်စီအရာရှိများက အကြိမ်ကြိမ်လိမ်ညာခဲ့သည်ကို ၎င်းတို့ အချင်းချင်း ပြောဆိုသည့် အသံဖိုင်၌ကြားရသည်။ စခန်းရှိ ရဲများက ၄နာရီကျော်အကြာ တောင့်ခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူမလာရောက်ခဲ့ပေ။ ထို့ကြောင့် ရဲ ၆ဦး သေဆုံးကာ လက်နက်ချ အညံ့ခံသည့် ၁၁ဦးနှင့် ထွက်ပြေးသူ ၅ဦးသာ အသက်ရှင်ခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး CDM အရာရှိ ဗိုလ်ကြီးညီသုတက “ဗိုလ်ချုပ်တွေဆီ စစ်ကူတောင်းတယ်။ မရဘူး။ လေယာဉ်ပျံ လာခဲ့ပေးပါ တောင်းဆိုလည်း မရပြန်ဘူး။ အသနားခံတောင်းဆိုနေတဲ့ စစ်သား ရဲတွေက သူတို့အမှားကို အသက်သေခါနီးမှပဲ နားလည်သွားကြတယ်။တကယ်က လေဘာဉ်လာကယ်လည်း ရှုံးတာပဲ။ အမြောက်ပစ်ကူလည်း ရှုံးတာပဲ။ မီတာ ၅၀၀ လောက်အတွင်း ရင်ဆိုင်နေရရင် အမြောက်လည်းမကယ်နိုင်ဘူး။ လေယာဉ်ပျံလည်း မကယ်နိုင်ဘူး။ ဒါကြောင့်ပဲ စစ်တပ်က စခန်းပေါင်း ၁၀၀ ကျော်ကို ရက်ပိုင်းအတွင်း အညံ့ခံလိုက်ရတာ”ဟု လူမှုကွန်ရက်၌ ရေးသားထားသည်။

လက်ရှိကျန်နေသေးသည့် စစ်သား စစ်ဗိုလ် ရဲသား ရဲဗိုလ်များအနေဖြင့် စစ်တပ်ကို စွန့်ခွါလိုက်မည်ဆိုပါက ဘ၀ ပြန်စရသေးကြောင်း ၎င်းက ပြောသည်။

“စစ်တပ်က စစ်ရှုံးနေပြီမလို့ စစ်သားတွေ ရွေးချယ်စရာနည်းသွားပြီ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ပဲ ဆုံးဖြတ်တာ အကောင်းဆုံးပါပဲ”ဟု ဗိုလ်ကြီးညီသုတက ပြောသည်။