ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြုလုပ်မည့် တန်ဆောင်တိုင်ပွဲတော်အားပြင်းထန်စွာကန့်ကွက်ပြီး ပြည်သူများအနေဖြင့် သွားရောက်ခြင်းမပြုရန် အောင်ပန်းမြို့ပြ ပြောက်ကျားတပ်စုက မေတ္တာရပ်ခံသည်။
တစ်နိုင်ငံလုံး၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား နေ့စဥ်ရက်ဆက်တိုက်ပွဲပြင်းထန်နေချိန်တွင် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးနှင့် ကလောမြို့တို့တွင် တန်ဆောင်တိုင်ပွဲများ ကျင်းပကြမည့်အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း အောင်ပန်းမြို့ပြ ပြောက်ကျားတပ်စုက နိုဝင်ဘာ၁၈ ရက်တွင် ထုတ်ပြန်သည်။
အာဏာလုစစ်ကောင်စီကို တစ်နိုင်ငံလုံးနှင့် အနီးစပ်ဆုံးပြည်နယ် ကယား(ကရင်နီ)ပြည်နယ်မှ တွန်းလှန်တိုက်ခိုက်နေချိန် ရှမ်းပြည်နယ်၌ ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်နေသည်မှာ အော့နှလုံးနာစရာကောင်းကြောင်း အောင်ပန်းမြို့ပြ ပြောက်ကျားတပ်စုက ဆိုသည်။


ထို့ကြောင့် ပြည်သူများအနေဖြင့် ယခုကာလတွင် ဒုက္ခဆင်းရဲခံနေကြရသော တိုင်းရင်းသား ညီအစ်ကိုများအတွက် စာနာသည့်အနေဖြင့် မိမိတို့စိတ်ဆန္ဒများအား သည်းခံပြီး အာဏာသိမ်းစစ်ကောင်စီကပြုလုပ်သော ပျော်ပွဲ၊ရွှင်ပွဲများအား သွားရောက်ခြင်းမပြုကြရန် မေတ္တာရပ်ခံကြောင်း အောင်ပန်းမြို့ပြ ပြောက်ကျားတပ်စုက အသိပေးထားသည်။

Public Service Announcement
“သင်တို့သွားမယ့် ဒေသရဲ့ မနီးမဝေးမှာ သင်တို့သွားတဲ့ဒေသက နယ်ခံတွေ အသက်တွေ စတေးပြီး လုံးပမ်းနေရပါတယ် ။ တိုင်းပြည်အေးချမ်းနေတာ မဟုတ်ကြောင်း သတိလေးချပ်စေချင်ပါတယ်။ ပြည်သူတွေ ထိခိုက်မှာကို မလိုလားတဲ့ ကျွန်တော်တို့ Urban Task Force Aung Ban – UTF အောင်ပန်းမြို့ပြပြောက်ကျားတပ်စုအနေနဲ့ ပြည်သူတွေ ပွဲကို မသွားကြဖို့ ၊ ကိုယ့်အသက်ကိုယ့်မိသားစုအသက်အန္တရာယ်ကိုလဲ ကာကွယ်ရင်း စစ်ကောင်စီက အတင်းစီစဥ်တဲ့ပွဲတွေကို Boycott ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။”ဟု အောင်ပန်းမြို့ပြပြောက်ကျားတပ်စုက ရေးသားသည်။
“ကျွန်တော်တို့က ခြိမ်းခြောက်တဲ့သဘောမဟုတ်ဘဲ ပြည်သူတွေ ထိခိုက်မှာစိုးလို့ မေတ္တာရပ်ခံတာပါ။ ပြည်သူတွေကို အန္တရာယ်များတဲ့ အပြင်ပွဲတွေမသွားဘဲ မိသားစုနဲ့ အိမ်မှာပဲ ပျော်ပျော်ရွှင်ရွှင် လွှတ်ကြဖို့ မေတ္တာရပ်ခံချင်တာပါ။”ဟု ဟု အောင်ပန်းမြို့ပြပြောက်ကျားတပ်စုမှ တာဝန်ခံ ဗိုလ်လိပ်ပြာက ပြောသည်။
စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ညီနောင်မဟာမိတ်တပ်များနှင့်တိုက်ပွဲများဖြစ်ပွားနေချိန် ရှမ်းပြည်နယ်တောင်ပိုင်းတွင်မူ အေးချမ်းနေသယောင် တန်ဆောင်တိုင်ပွဲတော်ကျင်းပကာ သရုပ်ပြရန် ကြိုးစားနေခြင်းဖြစ်သည်။
