စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရွှေပန်းကုံးရွာနယ်မြေရဲစခန်းအား PDFများ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိပြီး စခန်းမီးလောင်ပျက်စီးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (နိုဝင်ဘာလ ၂၁ ရက်) နံနက်ပိုင်းက အရာတော် – ရွှေဘိုလမ်းပိုင်းရှိ ဝက်လက်မြို့နယ် ရွှေပန်းကုံးရွာ နယ်မြေရဲစခန်းကို PDFအဖွဲ့များပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုကြောင့် စခန်းမီးလောင်ပြာကျခဲ့ပြီး စစ်ကောင်စီတပ်ထိခိုက်မှုရှိကာ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိသည်ဟု သိရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
“ရွှေပန်းကုံးရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေကသိမ်းတယ်။ စစ်ကောင်စီတပ်သားအသေတွေလည်းရှိတယ်။ လက်နက်ခဲယမ်းတွေလည်းရတယ်။ ရဲစခန်းကိုမီးရှို့တယ်လို့လည်း သိရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
ထို့အပြင် နံနက် ၄နာရီ မိနစ်၄၀ခန့်တွင် တံတားဦးမှတက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့်တစ်ကြိမ်၊ နံနက် ၇နာရီ မိနစ် ၄၀ခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသော MI-35 တစ်စီးဖြင့် တစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိခိုက်မှုမသိရသေးကြောင်း Wetlet Informational Networkအဖွဲ့က ပြောသည်။
ရွှေပန်းကုံးစခန်းသိမ်းဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသကာကွယ်ရေးအဖွဲ့များအား ဆက်သွယ်မေးမြန်း၍ မရသေးပေ။
ရွှေပန်းကုံးရွာရဲစခန်းကို ပြီးခဲသည့် ၂၀၂၁ စက်တင်ဘာနှင့် ၂၀၂၂ အောက်တိုဘာအတွင်းကလည်း PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။


















































