Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီနှင့် အပေါင်းအပါများ စစ်ရာဇဝတ်မှု သုံးမျိုးကို ရက်စက်စွာဖြင့် စိတ်ပါလက်ပါ ကျူးလွန်ခဲ့ကြောင်းတွေ့ရဟု NLD ထုတ်ပြန်

စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။

(စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အရှေ့ပိုင်းရှိ ပဇီကြီးရွာတွင် ၂၀၂၃ ဧပြီ ၁၁ရက်က တွေ့ရသည့် အပျက်အစီးနှင့် ရုပ်ကြွင်းများ။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အရှေ့ပိုင်းရှိ ပဇီကြီးရွာတွင် ၂၀၂၃ ဧပြီ ၁၁ရက်က တွေ့ရသည့် အပျက်အစီးနှင့် ရုပ်ကြွင်းများ။ ဓာတ်ပုံ - CJ)

▪️စစ်တပ်၏ လုပ်ရပ်များကို နိုင်ငံတကာမျက်ကွယ်မပြုဘဲ ကျူးလွန်သူများ တာဝန်ခံမှုရှိစေရေးဝိုင်းကူညီပေးရန် တိုက်တွန်း

▪️စစ်​ကောင်စီက ပြည်သူ့​နေအိမ်​ပေါင်း၉၆၆ ခုချိတ်ပိတ်ခဲ့ပြီး ၊ ချိတ်ပိတ်ခံရ​သူများထဲတွင် NLDပါတီဝင် ၄၃၅ ဦပါဝင်

အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါ ပျူစောထီးများ၊ ပြည်သူ့စစ်များသည် အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှု သုံးမျိုးကို ရက်ရက် စက်စက် စိတ်ပါလက်ပါ ကျူးလွန်ခဲ့သည်ကိုတွေ့ရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ယနေ့ ထုတ်ပြန်သည်။

စစ်တပ်က နိုင်ငံတော်ပုန်ကန်မှုကို စတင်ကျူးလွန် ကာ ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ဆက်တိုက် ကျူးလွန် လာသဖြင့် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD)ကို ၂၀၂၁ မေလတွင် စတင်ဖွဲ့စည်းကာ စစ်ကောင်စီ၏ ကျူးလွန်မှုများကို မှတ်တမ်းများကို အခါအားလျော်စွာ ထုတ်ပြန်လျက်ရှိရာ အာဏာသိမ်းချိန်မှ ယခု ဇန်နဝါရီလကုန်ပိုင်းအထိ သုံးနှစ်တာ အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။ မြေပြင်တွင် ယခုထက် စစ်ကောင်စီ ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များ ပိုများနိုင်ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက စစ်ရာဇဝတ်မှု သုံးမျိုးကို စိတ်ပါလက်ပါ ကျူးလွန်လျက်ရှိရာ ၎င်းတို့မှာ အကြမ်းဖက်စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများတွင် ဖမ်းဆီးထားသော အရပ်သားများကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်း အချက်လည်း ပါဝင်သည်ဟု ထုတ်ပြန်သည်။ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာ ၊ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင် ရွာနှင့် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန့်နိမ်ရွာဖြစ်စဉ်များ၌ အရပ်သားများကို စစ်ကောင်စီက သတ်ဖြတ်ခဲ့မှုကို မီးမောင်းထိုး ဖော်ပြထားသည်။

ထို့ပြင် အရပ်သားများအား ခွဲခြားမှုမရှိဘဲ ပစ်မှတ်ထားပြီး အင်အားသုံး ဗုံးကြဲတိုက်ခိုက်ခြင်း ကိုလည်း စစ်ကောင်စီက ကျူးလွန်ခဲ့ကြောင်း ဖော်ပြသည်။ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း၊ ဖားကန့်မြို့နယ် အနန့်ပါ၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာ၊လိုင်ဇာဒေသ မုန်လိုင်ခက်နှင့် ဒီးမော့ဆိုမြို့နယ် စသည့် နေရာများ၌ အရပ်သားများစွာ သေဆုံးထိခိုက်အောင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ဥပမာပေး ဖော်ပြသည်။

အရပ်သားနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းကိုလည်း စစ်ကောင်စီက စိတ်ပါလက်ပါ ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်သည်။ ၎င်းလုပ်ရပ်များသည် အရပ်သားများ (သို့မဟုတ်) တိုက်ခိုက်မှုများတွင် ပါဝင်ခြင်းမရှိသော အခြားပုဂ္ဂိုလ်များကို တိုက်ရိုက်ပစ်မှတ်ထား ကျူးလွန်သည့် လုပ်ရပ်များဖြစ်၍ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇ၀တ်မှု ကျူးလွန်သည့် လုပ်ရပ်များ ဖြစ်ကြောင်း ဖော်ပြသည်။

၂၀၂၄ ဇန်နဝါရီ ၁၅ရက်အထိလက်လှမ်းမီသ၍ ကောက်ယူရရှိထားသော မှတ်တမ်းများအရ – ပြည်သူများ၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများကို ဥပဒေမဲ့ချိပ်ပိတ်သိမ်းယူခြင်းများ၊ နေအိမ်အတွင်းရှိ ပစ္စည်းများကို ခွင့်ပြုချက်မဲ့ ခိုးယူဖျက်ဆီးခြင်းများကြောင့် ပြည်သူ (၇၈၆)ဦး၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း (၉၆၆)ခု ရှိနေကြောင်း အသိပေးသည်။

ထိုအထဲတွင် NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် (၁၉၈)ဦးနှင့် ပါတီဝင် (၂၃၇) ဦး၊ စုစုပေါင်း အဖွဲ့ချုပ် အဖွဲ့ဝင် (၄၃၅)ဦးတို့၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းယူခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း (၅၄၉)ခု ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်ရုံးများကို အဓိကပစ်မှတ်ထားကာ ချေမှုန်းရန်ရည်ရွယ်ပြီး NLD ရုံးများကို အကြိမ်ကြိမ်ဖျက်ဆီးခဲ့ရာ အဖွဲ့ချုပ်ဗဟိုရုံး (ရန်ကုန်) သုံးကြိမ်၊ တိုင်းနှင့်ပြည်နယ်ရုံးများ ၁၅ ကြိမ်၊ ခရိုင်ရုံးများ ခြောက်ကြိမ်၊ မြို့နယ်ရုံးများ ၁၁၂ ကြိမ်၊ ရပ်ကျေးရုံးများ ၂၈ ကြိမ် တို့ဖြင့် NLD ရုံးများကို ဖျက်ဆီးမှု ၁၆၄ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီသည် ပြည်သူများကို ဥပဒေမဲ့ မတရားဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူ ၁၇,၂၇၇ဦးရှိနေပြီး ၎င်းတို့ထဲတွင် အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၄ဦး နှင့် အဖွဲ့ချုပ် ပါတီဝင် ၁,၉၀၅ဦး တို့ပါဝင်ကြောင်း ဖော်ပြသည်။ လက်ရှိဖမ်းဆီးခံထားရသည့် အသက်မပြည့်သူ ကလေးသူငယ် ၃၅၄ဦး နှင့် ဖမ်းဆီးခံအမျိုးသမီး ၂,၀၅၈ဦး တို့ ပါဝင်ကြောင်း ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ အဆိုးဝါးဆုံး ကျူးလွန်မှုများမှာ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ ညဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများ၊ ပြည်သူများကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ခြင်းများ၊ ပြည်သူတို့၏ နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းများ ဖြစ်ကြောင်း NLDက ထုတ်ပြန်သည်။

၂၀၂၄ ဇန်နဝါရီ ၁၅ရက်အထိ ဥပဒေမဲ့ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရသော ပြည်သူ ၄,၂၅၁ဦး တွင် အဖွဲ့ချုပ်ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် (၂) ဦး၊ ပါတီဝင် ၁၀၀ဦး နှင့် အသက်မပြည့်သော ကလေးသူငယ် ၃၁၄ ဦးတို့ ပါဝင်ကြောင်း ဖော်ပြသည်။

ပြည်သူတို့၏ နေအိမ်ပေါင်း ၆၄,၁၄၁အိမ် မီးရှို့ဖျက်ဆီးခံကြရပြီး၊ အချို့ဒေသများတွင် အကြိမ်ကြိမ် ထပ်မံမီးရှို့ဖျက်ဆီးမှုများရှိခဲ့ရာ ဖျက်ဆီးမှုအကြိမ်ပေါင်း ၁,၆၁၄ကြိမ် ရှိခဲ့ကြောင်း ထုတ်ပြန်သည်။ လွှတ်တော် ကိုယ်စားလှယ်သုံးဦး၏ နေအိမ်များကိုလည်း ရည်ရွယ်ချက်ရှိရှိမီးရှို့ဖျက်ဆီးခဲ့သည်ကို တွေ့ရှိရသည်ဟု ဖော်ပြသည်။

အကြမ်းဖက် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းတစ်ခုဖြစ်သော အရပ်သား ပြည်သူတို့၏ နေထိုင်ရာ ရပ်ရွာများအား လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၇ ကြိမ် ရှိခဲ့ရာတွင် သေဆုံးသူ ၄၀၈ဦး နှင့် ဒဏ်ရာရသူ ၁၅၅ဦး ရှိခဲ့သည်ဟု ဆိုသည်။

စစ်ရေးပစ်မှတ်မဟုတ်ဘဲအရပ်သားပြည်သူများနေထိုင်ရာရပ်ရွာများတွင်လက်နက်ကြီးငယ် များဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ပျက်စီးဆုံးရှုံးမှု များတွင် ဘာသာရေး အဆောက်အဦးများလည်းပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယခုထုတ်ပြန်သည့် အချက်အလက်များသည် အကြမ်းဖက်စစ်ကောင်စီ က ပြည်သူများပေါ် ကျယ်ကျယ်ပြန့်ပြန့် (သို့မဟုတ်) စနစ်တကျ တိုက်ခိုက်မှုများဖြစ်ပြီး လက်လှမ်းမီ သလောက်နှင့် တိကျသောမှတ်တမ်းများကို ပြုစုထားခြင်းဖြစ်ပြီး ပကတိမြေပြင်တွင် ယခုထက် ပိုမိုများပြား နိုင်ကြောင်း NLDက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်သုံးနှစ်အတွင်းတွင် ပြည်သူများအား သတ်ဖြတ်ခြင်း၊ သုတ်သင်ရှင်းလင်းခြင်း၊ ကျွန်ပြုခြင်း၊ ပြည်နှင်ဒဏ် (သို့မဟုတ်) အတင်းအကြပ် နိုင်ငံအတွင်းမှ ထွက်သွားအောင်လုပ်ဆောင်ခြင်း၊ အကျဉ်းချခြင်း (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို ပြင်းထန်စွာဆုံးရှုံးစေခြင်း၊ ညဉ်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ဥပဒေမဲ့ဖမ်းဝရမ်းထုတ်ခြင်း၊ အတင်းအကြပ် ဖျောက်ဖျက်ခြင်း ကျူးလွန်ခဲ့သည်ကိုတွေ့ရှိရကြောင်းလည်း ဖော်ပြသည်။

ယင်းလုပ်ရပ်များသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် (သို့မဟုတ်) စနစ်တကျ တိုက်ခိုက်ကျူးလွန်သည့် လုပ်ရပ်များဖြစ်သည့်အတွက် နိုင်ငံတကာရာဇဝတ်တရားရုံး ICC ၏ စီရင်ပိုင်ခွင့်အတွင်းရှိသော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြစ်ကြောင်း ထုတ်ပြန်သည်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၏ သတ်မှတ်ထားသော စည်းမျဉ်းများ နှင့် အခြေခံမူများကို ချိုးဖောက်သည့် လုပ်ရပ်များလည်း ပါဝင်နေကြောင်း၊ ယင်းလုပ်ရပ်များတွင် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်း၊ လူမဆန်စွာပြုမူခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ စစ်သုံ့ပန်းများအား လူမဆန်စွာပြုမူခြင်း သတ်ဖြတ်ခြင်း၊ အရပ်သားများကို ဓားစာခံများအဖြစ်ခေါ်ဆောင်ခြင်း သတ်ဖြတ်ခြင်း၊ အရပ်သား အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်း၊ မီးရှို့ခြင်း၊ ခိုးယူဖျက်ဆီးခြင်း၊ ဘာသာရေးအဆောက်အဦများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ တားမြစ်ထား သော လက်နက်များအသုံးပြုခြင်းတို့ ပါဝင်ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။

ထိုသို့ ဆိုးရွားပြင်းထန်သည့် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေသော စစ်တပ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မျက်ကွယ် ပြုထားခြင်းမပြုလုပ်ဘဲ မြန်မာပြည်သူများအပေါ် လူသားချင်းစာနာ ထောက်ထားပြီး ချိုးဖောက် မှုများ ရပ်တန့်ရန်နှင့် ထပ်မံမဖြစ်ပွားရန်အတွက် ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေး ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးရန် NLD က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။