▪︎လက်နက်ခံယမ်းအများအပြားရ၊ မြို့အား သိမ်းပိုက်ရရှိသည့်အခြေအနေဟု စစ်ရေးသတင်းရင်းမြစ်ပြော
People’s Spring
ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခမရ(၃၅၇)တပ်ရင်းအား ယနေ့ ညနေပိုင်းတွင် သိမ်းပိုက်ရရှိပြီး မြို့အားသိမ်းပိုက်ရရှိသည့် အခြေအနေဖြစ်ကြောင်း လူထုနွေဦး၏ ကရင်စစ်ရေးသတင်းအရင်းမြစ်က ပြောသည်။
“ဒီညနေ ၃နာရီလောက်က ဗျူဟာကုန်းနဲ့ ၃၅၇ရတယ်။ ဆိုတော့ မြို့ကိုရပြီဆိုတဲ့ သဘောပဲ”ဟု ကရင်စစ်ရေးသတင်းအရင်းမြစ်က ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ကော်ဘရာစစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်သည် မတ်လ ၇ရက်မှစ၍ မြဝတီနှင့် သင်္ဃန်းညီနောင်မြို့ရှိ စစ်ကောင်စီ တပ်ရင်းဌာနချုပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ခမရ (၃၅၅)၊ ခမရ(၃၅၆)တပ်ရင်းများနှင့် သင်္ဃန်းညီနောင်ရဲစခန်းတို့ကိုသိမ်းပိုက်ထားသည်။

Public Service Announcement
မြဝတီမြို့နယ်အတွင်း ကျန်နေသည့် ခမရ(၃၅၇)၊ ခမရ (၂၇၅)နှင့် သင်္ဃန်းညီနောင်ဗျူဟာစခန်း တို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ယနေ့တွင် ခမရ (၃၇၅)နှင့် သင်္ဃန်းညီနောင်ဗျူဟာစခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်း ခမရ(၃၅၅) စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ မျက်မြင် ၁၉ဦး သေဆုံးခဲ့ပြီး နောက်ထပ် သေဆုံးဦးရေအားစီစစ်ဆဲဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ထားသည်။
ကော်ဘရာစစ်ကြောင်းဦးဆောင်မှုဖြင့် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသော သင်္ဃန်းညီနောင်မြို့အပြင် မြဝတီမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်နေသည်ဟု အဆိုပါ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသော PDF ရဲဘော်တစ်ဦးက ပြောသည်။
မြဝတီမြို့ရှိ စစ်ကောင်စီ၏ ခမရ(၂၇၅)တပ်ရင်းအား ဘော်ဘရာစစ်ကြောင်းဦးဆောင်မှုဖြင့် PDFစစ်ကြောင်းများက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အလောင်း ၁၅လောင်းရရှိသည်ဟု လူထုနွေဦး၏ ကရင်ပြည်နယ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်နေသည်ဟု ဆိုသည်။
“သင်္ဃန်းညီနောင်က တပ်တွေ အကုန်ကျသွားပြီဆို မြဝတီပါရတော့မယ်။ ဘာမှမရှိတော့ဘူး”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။
