Connect with us

Hi, what are you looking for?

သတင်း

လက်ထုတ္တောကျေးရွာပြည်သူ ၃၀ကျော် အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုမှာ စစ်ကောင်စီ၏ တပ်ရင်းသုံးရင်းနှင့် ပျူစောထီးများ ကျူးလွန်ခဲ့ခြင်းဟု NUG ထုတ်ပြန်

စစ်အုပ်စုဝင်များသည် ကျေးရွာအတွင်းရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံးမီးလောင်ပြာကျခဲ့ကြောင်း၊ ထို့ပြင် ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်ကို ဂွေးပင်တောရွာ ဘုန်းကြီးကျောင်းသို့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

(မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူ ၃၂ဦးအား အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ)
(မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူ ၃၂ဦးအား အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ)

အောင်​ဇေယျ /People’s Spring

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာမှ ဒေသခံပြည်သူ ၃၀ကျော် အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုမှာ စစ်ကောင်စီ၏ တပ်ရင်းသုံးရင်းနှင့် ပျူစောထီးများက ကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ​၏ အမှတ် (၁၃)ခြေမြန်တပ်ရင်း၊ အမှတ် (၉၀၉)စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၂၉)ထောက်ပံ့တပ်နှင့် ဆက်သွယ်ရေးတပ်ရင်းနှင့် ပျူစောထီးများက မေလ ၁၁ရက် နံနက် ၅ နာရီခန့်က မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို ပိတ်ဆို့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားပြည်သူအမျိုးသား ၆ ဦး သေဆုံးခဲ့သည်။

ထို့နောက် ကျေးရွာဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသော အရပ်သားပြည်သူများကို ဖမ်းဆီးပြီး အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဦးခေါင်းသေနတ်ဖြင့် ပစ်ကာ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း NUG၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများမှာ အသက် (၁၅)နှစ်မှ (၆၀)နှစ် အရွယ်များ ဖြစ်သည်။ ထိခိုက်ဒဏ်ရာရသည့် ပြည်သူ ၁၇ဦးကို ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ တစ်ဦး ထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၃၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်အုပ်စုဝင်များသည် ကျေးရွာအတွင်းရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံးမီးလောင်ပြာကျခဲ့ကြောင်း၊ ထို့ပြင် ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်ကို ဂွေးပင်တောရွာ ဘုန်းကြီးကျောင်းသို့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုအား စစ်ကောင်စီ၏ ခြေမြန်တပ်မဌာနချုပ် (၃၃)၏ အမှတ် (၁၃) ခြေမြန်တပ်ရင်း၊ အမှတ် (၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၂၉) ထောက်ပံ့နှင့်ဆက်သွယ်ရေးတပ်ရင်းနှင့် စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသော ပျူစောထီးစုပေါင်းတပ်များ ပါဝင်ပြီး အင်အားစုစုပေါင်း ၇၀ခန့်ပါဝင်သော စစ်ကြောင်းက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အသိပေးသည်။

“မြောင်လမ်းခွဲက စစ်ကြောင်းတစ်ကြောင်းရယ်၊ ချောင်းဦးနတ်ရေခံက စစ်ကြောင်းရယ် နှစ် ဖက် ညှပ်ဝင်ပြီးရွာထဲကိုဘဝင်လာတာ။ ဒေသခံတွေက ဘုန်းကြီးကျောင်းကိုပြေးတာ။ဘုန်းကြီးကျောင်းကိုရောက်နေတဲ့ စစ်‌ ဘေးရှောင်တွေကို ဖမ်းပြီးတော့ အပြုံလိုက်ပစ်တတ်သွားတာ” ဟု လက်ထုတ္တောရွာအနီးသို့ ရောက်ရှိနေသည့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ (CDSOM)မှ ကိုနွေဦးက ပြောသည်။

စစ်ကောင်စီသည် လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန် လျက်ရှိပြီး အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်မှု ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း၊ ထိုသို့ ဆင်ခြင်တုံတရား ကင်းမဲ့စွာကျူးလွန်မှုများကို အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

အထက်ပါ ကျူးလွန်မှုများနှင့် ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်နိုင်ရန် တရားစီရင်ရေး ယန္တရားများမှတဆင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး အမှတ် (၁) စစ်ဒေသရုံးကလည်း ယမန်နေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။