▪︎”ဒူကဘာဟာ ဒီတော်လှန်ရေးကြီးအတွက်၊ တိုင်းပြည်နဲ့ လူထုအတွက် တာဝန်ကျေတယ်ဆိုတာထက် အများ အများကြီး ကျော်လွန်၊ ထမ်းဆောင်ခဲ့ပြီးပါပြီ”
-ဒေါက်တာတေဇာစန်း
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း ကွယ်လွန်ခြင်းအပေါ် အထူးဝမ်းနည်းကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်သည်။
KIA စစ်ဦးစီးချုပ်သည် အသဲရောဂါဖြင့် ဆေးကုသနေစဉ် မေလ ၁၃ရက် ညနေပိုင်း၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း ကွယ်လွန်ခြင်းအပေါ် အံဩတုန်လှုပ်ပြီး ကချင်ပြည်သူများ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကျန်ရစ်သူ မိသားစု၊ ရပ်ဆွေ ရပ်မျိုးများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း CNFက ထုတ်ပြန်သည်။

“အာဏာရှင်စနစ် အပြီးသတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံ ထူထောင်ရေးအတွက် နွေဦးတော်လှန်ရေးဆင်နွှဲနေချိန်တွင် မိမိတို့ ချစ်ခင်လေးစားအားထားရပါသော lt.Gen R Hkawng Lum ကွယ်လွန်ခြင်းအပေါ် အထူးနှမြောတသ ဖြစ်ရပါကြောင်း၊ ပြည်သူလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ နွေဦးတော်လှန်ရေး ဆင်နွှဲနေသည့် ရဲဘော်ရဲဘက်များ အတွက် မဟာဆုံးရှုံးမှုကြီး ဖြစ်ကြောင်း လေးနက်စွာ ဖော်ပြအပ်ပါသည်”ဟု CNFက ထုတ်ပြန်သည်။
ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း၏ ညီရင်းအကို ဆက်ဆံရေးဖြင့် ချင်းအမျိုးသားတပ်မတော် (CNA)အား အကောင်းဆုံး ပံ့ပိုးကူညီပေးခဲ့မှုကို မှတ်ကျောက်တင်ကြောင်းလည်း ဖော်ပြထားသည်။
ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း၏ အမျိုးသားရေးတာဝန်ကျေပွန်မှု၊ တော်လှန်ရေးသစ္စာရှိမှု၊ တည်ကြည်ရိုးသားမှု၊ ရပ်တည်ချက် ခိုင်မာမှုနှင့် စစ်ရေးစစ်ရာတွင် သတ္တိပြောင်မြောက်မှု၊ ဦးဆောင်ပေးနိုင်မှုများကို CNF/CNA မှ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းလည်း ထုတ်ပြန်သည်။
ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း၏ မပြီးပြတ်သေးသော တော်လှန်ရေးတာဝန်ကို CNF/CNA ရဲဘော်၊ ရဲဘက်များမှ ဆက်လက်ထမ်းရွက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာ ပြုသည်ဟုလည်း ဖော်ပြကာ ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း ဘုရားသခင်၏ အေးမြသောရင်ခွင်တော်တွင် ငြိမ်းချမ်းစွာ အိပ်စက်အနားယူပါစေဟု ဆုတောင်းပေးထားသည်။
KIA စစ်ဦးစီးချုပ်သည် ကွယ်လွန်ချိန်၌ အသက် (၆၂)နှစ်အရွယ်ရှိပြီဖြစ်ပြီး စစ်ဦးစီးချုပ် တာဝန် ယူခဲ့သည့် တစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်စခန်းများစွာ သိမ်းပိုက်နိုင်ခဲ့သည့် အောင်မြင်မှုများ ရရှိထားသည်။
ထို့ပြင် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသ၏ စစ်ဒေသမှူးအဖြစ်တာဝန်ယူခဲ့ပြီး စစ်ကိုင်း၊ မကွေးအပါအဝင် စစ်ဒေသ(၁)နယ်မြေအတွင်း စစ်ရေးပိုင်းဆိုင်ရာများ ဦးဆောင်မှုပေးခဲ့သူဖြစ်သည်။
KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်းအပေါ်ထင်ရှားသည့် သပိတ်ခေါင်းဆောင်ဒေါက်တာတေဇာစန်းက “စိတ်ချစွာ၊ ငြိမ်းချမ်းစွာ အနားယူပါလေတော့၊ ဒူကဘာခင်ဗျာ။ဒူကဘာဟာ ဒီတော်လှန်ရေးကြီးအတွက်၊ တိုင်းပြည်နဲ့ လူထုအတွက် တာဝန်ကျေတယ်ဆိုတာထက် အများ အများကြီး ကျော်လွန်၊ ထမ်းဆောင်ခဲ့ပြီးပါပြီ။တိုင်းပြည်နဲ့ လူထုအတွက် ခေတ်သမိုင်းက ပေးအပ်လာတဲ့ တော်လှန်တာဝန်ကို ကျနော်တို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ မမှိတ်မသုန် ဆက်လက်ကြိုးပမ်း၊ ထမ်းရွက်ပါ့မယ် ဒူကဘာခင်ဗျား” ဟု ၎င်း၏ လူမှုကွန်ရက်၌ ရေးသားဖော်ပြသည်။
တော်လှန်ရေးကာလတစ်ခု၌ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း နှင့် ဒေါကတာတေဇာဆန်းတို့ စခန်းတစ်ခုတည်း၊ တဲတစ်ခုတည်း၌ အတူနေခဲ့ကြကြောင်း ဓါတ်နှင့်အတူဖော်ပြသည်။
“ဒူကဘာရဲ့ ထက်မြက်လှတဲ့ စစ်ရေးအတွေးအခေါ်၊ ပေါ်ကြွယ်လှတဲ့ စစ်ရေးအတွေ့အကြုံ၊ ရိုးဖြောင့်လှတဲ့ နိုင်ငံရေးအမြင်တွေကို ကျနော် သေသေချာချာ သိရှိ၊ မှတ်သားခွင့် ရခဲ့ပါတယ်။ဒူကဘာအကြောင်း ကျနော့်မှာ ပြောစရာတွေ အများကြီးပဲဗျာ” ဟုလည်း ဒေါက်တာတေဇာစန်းက ရေးသားထားသည်။
(စစ်ကောင်စီတပ်၏ ပွိုင့်(၇၇၁)စခန်းကုန်းအား KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းယူပြီးနောက် NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန် နှင့်အတူစခန်းသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သောဒုဗိုလ်ချုပ်ကြီးခေါင်လွန်း/ ဦးရည်မွန် ၊ဒေါက်တာတေဇာစန်း တို့နှင့်အတူရင်းနှီးစွာတွေ့ရသည့် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း။ ဓာတ်ပုံ-NUG-MOD/တေဇာစန်းဖေစ်ဘွခ်)
