ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုတိယဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် ယနေ့ (ဇူလိုင် ၂၄ရက်)တွင် ကွယ်လွန်သွားသည့်အပေါ် အထူးဝမ်းနည်း နှမြောတသဖြစ်ရကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။
ပဒိုနော်စီဖိုးရာစိန်သည် အသက် (၆၉)နှစ်အရွယ် တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
“ဆရာမ စီဖိုးရာစိန် ကွယ်လွန်သွားတာက ဒီနေ့ ၂နာရီ ကျော်ကျော်လေးမှာ။ ကင်ဆာရောဂါ ခံစားနေရတာ တော်တော်လေးကြာပြီ။ သိသိသာသာ ဖြစ်လာတာ ၂၀၂၃နှစ်စမှာကတည်းက တော်တော်လေး ထင်ထင်ရှားရှား ဖြစ်လာတဲ့ သဘောမှာ ရှိတာပေါ့”ဟု ပဒိုစောတောနီးက ပြောသည်။
ကင်ဆာရောဂါကို နှစ်နှစ်နီးပါး ရင်ဆိုင်ခဲ့ရပြီး ယနေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့ရဲ့ ကရင့်တော်လှန်ရေးမှာ ကြီးလေးတဲ့တာဝန်ရော၊ အမြင့်ဆုံးခေါင်းဆောင်ပိုင်းမှာ ပါဝင်ခဲ့တယ်။ ဒုတိယဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူး အနေနဲ့ ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ခဲ့တဲ့အပေါ်မှာ ကျနော်တို့ လေးစားဂုဏ်ယူခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒီလို ခေါင်းဆောင်မျိုး ဆုံးရှုံးသွားတဲ့အတွက် ကျနော်တို့တွေလည်း အထူးပဲ ဝမ်းနည်းရပါတယ်။ နှမြောတသလည်းဖြစ်နေရပါတယ်”ဟု ပဒိုစောတောနီးက ပြောသည်။
KNU သတင်းရင်းမြစ်တစ်ဦးကလည်း ပဒိုနော်စီဖိုးရာစိန်သည် ကရင်အမျိုးသားများအရေးအတွက်သာမက တိုင်းပြည်ငြိမ်းချမ်းရေးအတွက် တက်နိုင်သမျှ ကြိုးပမ်းခဲ့သူဖြစ်သည်ဟု ပြောသည်။
