Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့ပေါ်တိုက်ပွဲ စစ်အုပ်စုအထိအခိုက်များစွာဖြင့် ဆုတ်​ပြေးသွား

လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းအချို့ ရရှိ၊ မြင်းခြံနှင့် ​တောင်သာရှိစစ်တပ်တပ်စွဲရာ​နေရာများကို ​​ဒေသခံ​တော်လှန်​ရေးအဖွဲ့များတချိန်တည်းတိုက်ခိုက်

နွားထိုးကြီးမြို့နယ်အတွင်းမှာ​ဒေသကာကွယ်​ရေးတပ်ဖွဲ့ဝင်များ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲတွင် စစ်​ကောင်စီတပ်အထိအခိုက်များစွာဖြင့် ဆုတ်ခွာသွားပြီး လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းအချို့ ရရှိခဲ့ကြောင်း နွားထိုးကြီးပကဖအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

သြဂုတ်၁၀ရက် နံနက် ၅ နာရီခန့်မှစတင်ကာ နွားထိုးကြီးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ဆောက်လုပ်ရေးရုံး၊ တရားရုံးနှင့် မြန်မာ့ စီးပွားရေးဘဏ်တို့ရှိ စစ်ကောင်စီတပ်များအား ဦးတည်၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီးပကဖအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အဓိက ကျနော်တို့က အထက်ဖော်ပြထားတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်ဗျ။မြို့သိမ်းတာမျိုးလိုတော့ ခေါင်းစဥ် မတပ်ပါဘူးဗျ။ ထိုးစစ်ဆင်ခဲ့တာပါ။”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိပြီး နွားထိုးကြီးမြို့ပေါ်၌ စစ်ကောင်စီတပ်သားများမရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။

လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းရရှိမှုအခြေအနေနှင့်ပတ်သက်၍ “ဝင်တဲ့ စစ်ကြောင်းက ခွဲပြီးဝင်တော့ အသေးစိတ်တော့ မသိရသေးပါဘူးဗျ။

သေချာတာကတော့ စစ်ကြောင်းတစ်ခုမှာတော့ အလက် ၆ လက်ရတယ်ပြောတယ်။ တခြားစစ်ကြောင်းတွေလည်း အကုန်သိမ်းမိတယ်ပြောတယ်။ ကျနော်တို့ စစ်ကြောင်းမှာတော့ စခ ၅ကောင် (စစ်သား ၅​ယောက်) သေ၊ ၁ကောင် (၁ ​ယောက်) အရှင် ဖမ်းမိပါတယ်။ကျန်တဲ့ စစ်ကြောင်းတွေတော့ မသိရသေးပါဘူးဗျ။”ဟု နွားထိုးကြီးပကဖအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်မှ ရဲဘော် တစ်ဦးကျဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

PDFအဖွဲ့များ ထွက်လာပြီးနောက်ပိုင်းအချိန်အထိ လေကြောင်းပစ်ကူများရှိနေဆဲဖြစ်ပြီး ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

နွားထိုးကြီးမြို့ပေါ်၌ ထရန်စဖော်မာအိုးအချို့မီးလောင်ကာ လျှပ်စစ်မီးပြတ်တောက်နေပြီး အခွန်ဦးစီးဌာနရုံး၊ စီးပွားရေးဘဏ်၊ စိုက်ပျိုးရေးဘဏ်တို့ မီးလောင်ခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်မှုအခြေအနေ မသိရသေးပေ။

စစ်ရေးအရှိန် မြင့်လာပြီး စစ်ရေးလိုအပ်ချက်များ ရှိနေ၍ ပြည်သူများ ပိုမို ထောက်ပို့ပေးနိုင်ကြောင်း၊ ထို့အပြင် သတင်းအချက်အလက်များကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး သတိဖြင့် သွားလာကြရန် နွားထိုးကြီးပကဖအဖွဲ့က တိုက်တွန်းထားသည်။

စစ်​ကောင်စီတပ်က နွားထိုးကြီးမြို့တိုက်ပွဲတွင် အထိနာပြီး​နောက် ​လေ​ကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ​ဒေသခံပြည်သူများမှလည်း မြို့မှထွက်မရဘဲ ​နေအိမ်များအတွင်းမှသာ ပုန်း​ရှောင်ခဲ့ကြရ​ကြောင်း​​ဒေသခံများက​ပြောသည်။

နွားထိုးကြီး-မြင်းခြံ-​တောင်သာအပါအဝင် အနီးဝန်းကျင်ကို Google Earth တွင်​တွေ့ရမှု

နွားထိုးကြီးမြို့အပြင် မြင်းခြံနှင့် ​တောင်သာ မြို့တို့တွင်လည်း စစ်​ကောင်စီတပ်စွဲရာ​နေရာများကို ​ဒေသတွင်း​တော်လှန်​ရေးအဖွဲ့များက တချိန်တည်းဝင်​ရောက်တိုက်ခိုက်ခဲ့​ကြောင်း သတင်းရရှိသည်။သို့​သော် တိုက်ပွဲအ​ခြေအ​နေ အ​သေးစိပ်ကိုမူမသိရ​သေး​ပေ။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်တောင်သာမြို့နယ် ဝဲ​လောင်ရွာအနီးရှိ ဝဲ​လောင်ဓါတ်အားခွဲရုံး ရှိစစ်သားများကို ယနေ့(သြဂုတ် ၁၀) နံနက် ၅ နာရီဝန်းကျင်က PDFများက စီးနင်းတိုက်ခိုက်ခံရမှုတွင်တပ်ကြပ်ကြီး ၁ ဦးနှင့် အုပ်ချုပ်ရေးမှူး ၁ ဦး သေဆုံးပြီး ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၄ ဦးဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြထားသည်။

ထို​ကြောင့် နွားထိုးကြီး၊​တောင်သာ ၊မြင်းခြံမြို့နယ်တို့တွင် သြဂုတ် ၁၀ ရက်မနက်ပိုင်း၌ ​တော်လှန်​ရေးအဖွဲ့များက စစ်တပ်စခန်းများကိုတချိန်တည်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။