Connect with us

Hi, what are you looking for?

သတင်း

ဇရပ်ကြီးမြို့အနီး တိုက်ပွဲဆက်ဖြစ်၊ စစ်ရှောင်များအတွက် အကူအညီလိုအပ်နေ

ပဲခူးတိုင်းအရှေ့ပိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးတွင် တိုက်ပွဲဆက်ဖြစ်ပွားနေသောကြောင့် တိမ်းရှောင်လာသော ဒေသခံ ၆၀၀ခန့်မှာ တောင်ငူနှင့်ထန်းတပင်မြို့ပေါ်ရှိ ယာယီစစ်ဘေးရှောင်စခန်း၌ ရောက်ရှိနေသည်။

ဇရပ်ကြီးမြို့၌ တိမ်းရှောင်နေသော စစ်ရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မိထက်/People’s Spring

ပဲခူးတိုင်းအရှေ့ပိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးတွင် တိုက်ပွဲဆက်ဖြစ်ပွားနေသောကြောင့် တိမ်းရှောင်လာသော ဒေသခံ ၆၀၀ခန့်မှာ တောင်ငူနှင့်ထန်းတပင်မြို့ပေါ်ရှိ ယာယီစစ်ဘေးရှောင်စခန်း၌ ရောက်ရှိနေသည်။

ဇရပ်ကြီးမြို့နယ်၊ ကင်မွန်းခြုံနှင့် ရှမ်းစုကျေးရွာတို့တွင် ဩဂုတ် ၉ရက်ကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့(ဩဂုတ် ၁၁ရက်)တွင်လည်း စစ်ရေးတင်းမာနေကြောင်း ထန်းတပင်မြို့ခံများကပြောသည်။

Public Service Announcement

Public Service Announcement

” မနေ့က နည်းနည်း ငြိမ်တယ်။ ဒီ‌နေ့ ပြန်ချကြတယ်။ စစ်တပ်ကလက်နက်ကြီးပစ်တယ်။ အရပ်သား ထိခိုက်သေဆုံးမှုလည်းရှိပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာဒေသမှ ထွက်ပြေးလာသောစစ်ဘေးရှောင်များသည် တောင်ငူနှင့်ထန်းတပင်မြို့မှ ယာယီစစ်ဘေးရှောင်စခန်းများ၌ ခိုလှုံနေကြရသည်။ စုစုပေါင်း စစ်ဘေးရှောင်ဦးရေ နှစ်ထောင်ခန့်ရှိနေပြီဟု သတင်းရရှိသည်။

” ဘာမှမသယ်နိုင်ဘဲ ပြေးလွှားလာကြရတော့ လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ ဒီတခါတိုက်ပွဲကကြာနိုင်တယ်လို့ ထင်တယ်။ အကူအညီတွေပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု စစ်ဘေးရှောင်များအားကူညီနေသူတစ်ဦးက ပြောသည်။

ဇရပ်ကြီးမြို့တွင် ခြေလျင်တပ်ရင်း (ခလရ-၂၇) နှင့် စစ်ကောင်စီတပ်စွဲထားသည့် စခန်းများရှိနေသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ဖူးသည်။

ထိုစဉ်က တိုက်ပွဲအလွန်ပြင်းထန်ခဲ့သဖြင့် ရွာပေါင်း ၃၀ကျော်မှ ထောင်နှင့်ချီသော ဒေသခံ‌များ ဘေးလွတ်ရာသို့ တစ်လခန့်ကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အမျိုးသမီးသုံးဦးအပါအဝင် အရပ်သား ၉ ဦး သေဆုံးကာ ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

KNUအနေဖြင့် တပ်မဟာ(၁)၊ တပ်မဟာ(၃)နှင့် တပ်မဟာ(၅) ပူးပေါင်းပြီး စစ်တောင်းမြစ်ဝှမ်းဒေသ၌တိုက်ပွဲဖော်ဆောင်မည်ဟု သတင်းရကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဩဂုတ် ပထမပတ်တွင်ပြောကြားထားရာ တပ်မဟာသုံးခုသာကွက်ပြီး စစ်ရေးဖော်ဆောင်မည် မဟုတ်ဘဲ KNU၌ ရှိနေသည့် တပ်မဟာ ခုနစ်ခုစလုံးက စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးတိုက်ဖျက်သွားမည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။