ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် PDFသတင်းလာစုံစမ်းသည့် ဆီမီးခုံရဲစခန်းမှ ရဲတစ်ဦးနှင့် ပျူစောထီးတစ်ဦးအား PDFများက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
သြဂုတ် ၉ရက်က မြင်းခြံခရိုင်၏ စစ်ကြောင်း(၁) နယ်မြေအတွင်း သတင်းယူရန်လာသည့် အရပ် ဝတ် ရဲတစ်ဦးနှင့် ပျူစောထီးတစ်ဦးအား ညီနောင်မဟာမိတ်များနှင့် ဖမ်းဆီးနိုင်ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း အမှတ်(၉)Myingyan Black Tiger (MBT)၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
သို့သော် ပျူစောထီးမှာ ဖမ်းဆီးနေစဥ် ခုခံထွတ်ပြေး၍ မဖြစ်မနေ ပစ်ခတ်ရှင်းလင်းခဲ့ရပြီး ကျန်ရဲအား စစ်ဆေးမှုများပြုလုပ်ကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း မြင်းခြံခရိုင်တပ်ရင်း အမှတ်(၉)က အသိပေးသည်။
“မြင်းခြံမြောက်ဘက်ကို စစ်ကြောင်းထိုးဖို့အတွက် လာပြီးစုံစမ်းတယ်လို့ သိရတယ်။ ရဲက ဆီမီးခုံရဲစခန်းက။ ဆုံရွာကပျူစောထီးနဲ့ပေါင်းပြီးထွက်လာတာ။”ဟု Myingyan Black Tiger (MBT)၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
အဆိုပါ ရဲတပ်သားထံမှ 7.62 (G3)ကျည် ၁၄၇တောင့်၊ ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တစ်စီး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Myingyan Black Tiger (MBT) မြင်းခြံခရိုင်တပ်ရင်း (၉)နှင့်Popa Guerilla Force (PGF)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
မြင်းခြံခရိုင်အတွင်း ‘မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)’အဖြစ် သြဂုတ်၁ဝရက် နံနက်ပိုင်းက စတင်ကာ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့တို့တွင် စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း လေးခုကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး သေနနက် ၂၇လက်နှင့်ခဲယမ်းများ ရရှိခဲ့သည်။
အလားတူ တပြိုင်တည်းတိုက်ခိုက်သည့် တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှုတွင်လည်း စစ်အုပ်စုဝင် ၆ဦး သေဆုံးကာ သေနတ် ၃လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တောင်သာပကဖထံမှ သတင်းရရှိသည်။