Connect with us

Hi, what are you looking for?

သတင်း

ရမည်းသင်းမြို့နယ် သပြေပင်ရွာရေဘေး လူ ရှစ်ဦးသာသေဟု စစ်ကောင်စီလိမ်လည်ထုတ်ပြန်

ရေဘေးကြောင့် လူသေဆုံးမှုများပြားခဲ့သည့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ သပြေပင် ကျေးရွာရေကြီးမှုဖြစ်စဉ်တွင် လူရှစ်ဦးသာ သေဆုံးခဲ့သည်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဇော်မင်းထွန်းက ပြောင်လိမ်ခဲ့သည်။

သပြေပင်ရွာရေကြီးနစ်မြုပ်သွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

ရေဘေးကြောင့် လူသေဆုံးမှုများပြားခဲ့သည့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ သပြေပင် ကျေးရွာရေကြီးမှုဖြစ်စဉ်တွင် လူရှစ်ဦးသာ သေဆုံးခဲ့သည်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဇော်မင်းထွန်းက ပြောင်လိမ်ခဲ့သည်။

ရုပ်အလောင်း ၃၀ကျော်တွေ့ရှိထားပြီး ၄၀ဦးခန့် ပျောက်ဆုံးနေသည့် ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာ ရေကြီးမှုဖြစ်စဥ်အပေါ်ကို စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဇော်မင်းထွန်းကယနေ့ (စက်တင်ဘာ ၁၆ ရက်)တွင် နိုင်ငံပိုင်သတင်းစာမှတဆင့် လိမ်လည်ထုတ်ပြန်ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“အဲဒီရွာမှာ ကယ်ဆယ်ရေးအဖွဲ့များလည်း ရောက်ရှိပြီးဖြစ်ပါတယ်။ လူရှစ်ဦးသာသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအချို့ ရှိပါတယ်။”ဟု ​ဇော်မင်းထွန်းက ဆိုသည်။

သို့သော် သပြေပင်ကျေးရွာ၌ ရုပ်အလောင်းအများအပြား တွေ့ရှိထားကြောင်း၊ အဆိုပါ ကျေးရွာအပြင် ဝါးဖြူတောင်အောက်ရွာ၊ ချောင်းဖျားရွာ၊ ကြွက်တောရွာနှင့် ကန်သာအေးကျေးရွာတို့မှ ပြည်သူများလည်း သေဆုံးပျောက်ဆုံးမှုများရှိနေကြောင်း မြေပြင်တွင် ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူများက ပြောသည်။

“သေဆုံးနဲ့ ပျောက်ဆုံး ၇၅ဦး စာရင်းရရှိထားတယ်။ ၃၀လောက်သေဆုံးပြီး ၄၀ကျော် ပျောက်ဆုံးနေတယ်။ အခြေအနေအရ ဘယ်လိုမှအတိအကျမထွက်သေးဘူး။ မသိနိုင်သေးဘူး။ တောင်ပေါ်ကို တက်ဖို့လည်း လမ်းကြောကပြတ်နေတယ်။ တက်လို့မရဘူး ဖြစ်နေတယ်။”ဟု ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် တောင်ပေါ်ကျေးရွာများတွင် ရွှေလုပ်ကွက်အများအပြားရှိပြီး ယင်းလုပ်ကွက်များ၌ နေထိုင်သည့် စာရင်းမပေါက်သောကျေးရွာအများအပြားလည်းရှိနေကြောင်း၊ အဆိုပါကျေးရွာများမှာလည်း ရွာလုံးကျွတ် မြေအောက် ရောက်သွား၍ သေဆုံးသူများပြားကြောင်း ဒေသခံများက ပြောသည်။

“အလောင်းတွေကလည်း မကောက်ရသေးဘူး။ ပုပ်နေကုန်ပြီ။ ၂၀ကျော်လောက် အလောင်းတွေကတွေ့တယ်။ ဖော်ရဦးမှာ။ ဒိုက်တွေ၊အောက်တွေမှာလေ။ သပြေပင်ကတစ်ရွာလုံးပဲ။ တောင်ဘက်မှာလည်းရွာတွေကရှိသေးတယ်။”ဟု ရမည်းသင်း ဒေသခံတစ်ဦးက ပြောသည်။

သပြေပင်ကျေးရွာသည် ရွာ၏ ၉၀ရာခိုင်နှုန်းခန့် ရေနစ်မြုပ်ခဲ့ပြီး လက်ရှိစာရင်းအရ သေဆုံးသူ ဦးရေ ၃၀ခန့်နှင့် ပျောက်ဆုံး ၅၀ဦးခန့်ရှိနေကြောင်း၊ ထို့အပြင် ကားအစီးရေ ၂၇စီး ရေထဲမျောပါခဲ့ကြောင်း သွားရောက်ကူညီခဲ့သူ ကိုခိုင်ကြီးဆိုသူက လူမှုကွန်ရက်၌ ရေးသားသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင်လည်း ရမည်းသင်းမြို့နယ် ရေကြီးမှုတွင် စက်တင်ဘာ ၁၁ရက်က ၁၀ဦးသေဆုံးပြီး စက်တင်ဘာလ ၁၂ရက်တွင် မြင်းနားရွာမှ ၇ ဦး၊ ကျီးနီကန်ရွာမှ ၂၈ဦး၊ တူးကုန်းရွာမှ သုံးဦး၊ သပြေပင်ရွာမှ ၈၀ဦး၊ ချောင်းဖျားရွာမှ ၁၀၀ဦး သေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၂၂၈ဦး ရှိကြောင်း ရေးသားနေသည်။

ထို့အပြင် ရွာလုံးကျွတ် ရေထဲမျောပါသွားသော ဝါးဖြူတောင် အထက်ရွာ၊ ဝါးဖြူတောင် အောက်ရွာနှင့် ရွှေတောမိုင်းတို့၏ သေဆုံးမှုမသိရသေး၍ သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်သည်ဟုလည်း ရေးသားနေကြသည်။

စစ်ကောင်စီလက်အောက်ခံ မီးသတ်ဌာနကလည်း ရမည်းသင်းမြို့နယ်အတွင်း ရေဘေးကြောင့် သေဆုံးသူ ၁၇ ဦး​၏ရုပ်အလောင်းများ ဆယ်ယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နိုင်ငံနေရာအနှံ့အပြားဆိုးရွားစွာကြုံတွေ့ခဲ့ရသော ရေကြီးနှင့် မြေပြိုမှုဖြစ်စဉ်အတွင်း စစ်ကောင်စီသည် အဆိုပါဖြစ်ရပ်အား ကြိုတင်သတိပေးဆောင်ရွက်ခဲ့ခြင်းမရှိသလို ကူညီကယ်ဆယ်ရေးလည်း မလုပ်ဆောင်ခဲ့၍ လူသေဆုံးမှုများပြားခဲ့ရကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်သူများက ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် နိုင်ငံတဝန်း ရှုံးနှိမ့်နေသော စစ်ပွဲအရေးသာဆောင်ရွက်နေပြီး မြို့ရွာများအား ရေကြီးမှုဖြစ်နေစဉ်မှာပင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ