ထားအိ/People’s Spring
အကြမ်းဖက်စစ်အုပ်စု ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက်ယူခြင်းအပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု NUCC နှင့် NUGတို့က ပူးတွဲ ကြေညာသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပူးတွဲဖွဲ့စည်းထားသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးပူးပေါင်းလုပ်ငန်းကော်မတီက ယနေ့(အောက်တိုဘာ ၁ရက်)ထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး ‘နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ကမ်းလှမ်းဖိတ်ခေါ်ခြင်း’ ခေါင်းစဥ်ဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ဟန်ပြဖိတ်ခေါ်မှုအား ပြတ်ပြတ်သားသား ပယ်ချကြောင်း ဖော်ပြသည်။
“အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ကပဲ ငြိမ်းချမ်းရေးကို လိုလားသယောင်ယောင် ဒီဘက်တော်လှန်ရေးအင်အားစုတွေက ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုနေသယောင်ယောင် ပြောဆိုနေမှုတွေက မှားယွင်းတဲ့ပြောဆိုမှုတွေ ဖြစ်တယ်။ လက်ရှိထုတ်ပြန်လိုက်တဲ့ စစ်အုပ်စုရဲ့ထုတ်ပြန်ချက်ဟာလည်း ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းတဲ့ ထုတ်ပြန်ချက်မဟုတ်ဘူး။ အားလုံးဟာ မှားပါတယ်လို့ ဝန်ခံပြီးတော့ သူ့အစီအမံအောက်မှာ လိုက်ပါလို့ ပြောတာဟာ ဘယ်လိုမှ တရားနည်းလမ်းလည်း မကျ၊ လက်တွေ့နဲ့လည်း မနီးစပ်တဲ့ ဟန်ပြဖိတ်ခေါ်ချက်သာဖြစ်တယ်ဆိုတာ အတိအလင်းပြောလိုပါတယ်”ဟု NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မှတ်ချက်ပြုသည်။
ယနေ့ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် အကြမ်းဖက်စစ်အုပ်စု၏ ဟန်ပြဖိတ်ခေါ်စာမှာ တော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ PDF များအား သပ်သျှိုဖြိုခွဲရန်နှင့် ၎င်းတို့နှင့် နီးစပ်သော နိုင်ငံတကာအဖွဲ့အစည်းများ၏ အမြင်ကောင်းစေရန် အနှစ်သာရမဲ့သည့် အားထုတ်မှုတစ်ရပ်သာ ဖြစ်သည်ဟု ဖော်ပြသည်။
“အကြမ်းဖက်စစ်အုပ်စု၏ သပ်လျှိုဖြိုခွဲလာမှုအပေါ် တော်လှန်ရေးသတိကြီးစွာ ထားရှိကြပါရန်လည်း တော်လှန်ရေးအင်အားစုများအား ကျွန်ုပ်တို့က တိုက်တွန်းနှိုးဆော်ပါသည်” ဟု အထက်ပါ တရားမဝင် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးပူးပေါင်းလုပ်ငန်းကော်မတီက ဆိုသည်။
စစ်အစိုးရအဆက်ဆက်က လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ လက်နက်ကိုင် လမ်းစဥ်စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းစသဖြင့် ခေါင်းစဥ်အမျိုးမျိုးတပ်၍ လှည့်ဖြားခဲ့သည့် သာဓကများ စွာလည်း ရှိခဲ့ပြီး ဖြစ်ကာ ယခုလည်း အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေး အဖွဲ့အစည်းများအား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့ခြင်း၊ မြို့ရွာများအားဗုံးကြဲခြင်း၊ ရွာများအားမီးရှို့ခြင်း၊ ပြည်သူများကိုမတရားဖမ်းဆီးခြင်းနှင့်သတ်ဖြတ်ခြင်း စသည်တို့ကို မရပ်မနား ပြုလုပ်နေပြီး အခြား တဖက်က နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ဖိတ်ခေါ်ခြင်းဆိုသည်မှာ ယုတ္တိမရှိ သော လုပ်ရပ် တခုသာဖြစ်ကြောင်း အထက်ပါ ကော်မတီက ဖော်ပြသည်။
အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့မှုများကို မည့်သည့်အခါမှ ဝန်ခံခြင်းမရှိ သကဲ့သို့ နိုင်ငံတကာနှင့် ပြည်တွင်းဖိအားများရှိလာသည့်အခါတိုင်း ရွေးကောက်ပွဲ သော်လည်းကောင်း၊ အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲသော်လည်းကောင်း ပြုလုပ်ခြင်း၊ အာဏာသိမ်းခြင်းစသည့် အဆိုးကျော့ သံသရာကိုသာ ထပ်ခါထပ်ခါဖြစ်စေပြီး ပြည်သူလူထု လိုလားသော စစ်မှန်သည့် ငြိမ်းချမ်းရေးအား မည်သည့်အခါမှ ဖော်ဆောင်ပေးခြင်း မရှိခဲ့သည်ကိုလည်း သတိပြုကြရန် လိုကြောင်း ဆက်လက်ဖော်ပြသည်။
ထို့အပြင် အကြမ်းဖက်စစ်အုပ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖောက်ဖျက်၍ အာဏာ သိမ်းယူခဲ့သော တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းတခုသာ ဖြစ်ပြီး တရားမဝင် အကြမ်းဖက် စစ်
အုပ်စုတွင် ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းခြင်း၊ အသစ်ပြန်လည်ဖွဲ့စည်းခြင်း စသည်တို့ လုပ်ပိုင်ခွင့် မရှိသကဲ့သို့ ရွေးကောက်ပွဲတရပ်ကို ဦးစီးကျင်းပပိုင်ခွင့် မရှိကြောင်း ထပ်လောင်းကြေညာသည်။
NUCC နှင့် NUG တို့သည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်နှင့်အညီ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ချက်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးသည်။
တော်လှန်ရေးအင်အားစုများသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးရန် အမြဲလမ်းဖွင့်ထားပြီး ၂၀၂၄ ဇန်နဝါရီတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့်ပူးတွဲထုတ်ပြန်သော ကြေညာချက်၌ နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို ဖော်ပြထားကာ စစ်အုပ်စုအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရန်၊ နိုင်ငံရေးမှ လုံးဝထွက်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြင့်သာ သွားရန် စသည့်အချက်များ ပါဝင်ကြောင်း၊ ယင်းအချက်များကို စစ်အုပ်စုက လက်ခံသဘောတူပါက စကားပြောမည်ဖြစ်ကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
စစ်အုပ်စု ကြိုးပမ်းနေသော သန်းခေါင်းစာရင်းကောက်ယူမှုနှင့်ပတ်သက်၍ “လက်ရှိမြေပြင်အခြေအနေကို ပြောရမယ်ဆိုရင် အကြမ်းဖက်စစ်အုပ်စုအနေနဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဘယ်လိုမှ မလုပ်နိုင်ဘူးဆိုတာ ထင်ရှားတယ်။ NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေကလည်း။ အတိုင်းအတာတစ်ခုအထိ ရှိနေတာကြောင့် ဒီလိုနေရာမျိုးတွေမှာဆိုရင် သန်းခေါင်စာရင်းကောက်ယူမှုကို လုံးဝဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး” ဟု ဦးနေဘုန်းလတ်က ဆိုသည်။