ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ၊ လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်း အမြှောက်တပ်စခန်းကို KNLA နဲ့ ကော်ဘရာစစ်ကြောင်း၊ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက် ဗိုလ်ဒါဘောဦးဆောင်တဲ့ ရဲဘော်တွေဟာ လေးကေ့ကော် ဒေသတွင်းက ကျေးရွာတွေမှာ လှည့်လည်အောင်ပွဲခံခဲ့ကြပါတယ်။
အောင်ပွဲရတပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူတွေကလည်း အောင်သပြေပန်းတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။
“Cobraဆို သမိုင်းမှာရှိနေပြီးသားပါ ရှေ့သို့ချီတက်ကြမယ်”လို့ ကော်ဘရာစစ်ကြောင်း တပ်ခွဲ(၃)က အသိပေးထားပါတယ်။ လှည့်လည် အောင်ပွဲခံရာမှာ ကော်ဘရာစစ်ကြောင်းက ဗိုလ်ဒါဘောနဲ့ ဗိုလ်စောကော်တို့လည်း ပါဝင်တာ တွေ့ရပါတယ်။
ဒေသတွင်းစစ်ရေးအရ အဓိကကြတဲ့ စွယ်တော်ကုန်းစခန်းကိုKNU/KNLA/KNDO ပူးပေါင်းအဖွဲ့များ ၊ Cobra စစ်ကြောင်း ၊Venom စစ်ကြောင်း၊Justice Soldier PDF ၊ ရောင်နီဒရုန်းတပ်ဖွဲ့ ၊ Golden Eagle ဒရုန်းတပ်ဖွဲ့၊ Justice Soldier ဒရုန်းတပ်ဖွဲ့ တို့နဲ့အတူ Federal Wings ရဲ့ Cobra Federal Wings နဲ့ KNDO Federal Wings တို့ ပူးပေါင်းပါဝင်ဆင်နွဲခဲ့ကြတယ်လို့Federal Wings ဖော်ပြထားပါတယ် ။

Public Service Announcement
စွယ်တော်ကုန်းစခန်းသိမ်း တိုက်ပွဲမှ ၁၂၀ မမ လက်နက်ကြီး ၂လက်နဲ့ ပွိုင့်ဖိုက် စက်သေနတ် အပါအဝင် လက်နက်များစွာ နဲ့ စစ်သုံ့ပန်းတွေရရှိခဲ့တယ်လို့ KNUကလည်း ထုတ်ပြန်ပါတယ်။
အဲဒီစခန်းဟာ ထိုင်း-မြန်မာနယ်စပ်မှာတည်ရှိတော့ နယ်မြေစိုးမိုးရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ တပ်စခန်းတစ်ခုဖြစ်သလို လေကေ့ကော် မြို့သစ်သို့ ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ အချိန်ကစပြီး မြဝတီနဲ့ ဖလူးဒေသတစ်လျှောက် လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးတော့ ပြည်သူလူထုအား အမြဲတစေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့စခန်းလို့သိရပါတယ်။
ဒီစခန်းမှာ ၂၀၀၃ ခုနှစ်ကစပြီး ထိုင်း−မြန်မာ နယ်စပ်တပ်စခန်း အဖြစ် စတင်တပ်စွဲခဲ့ပြီးတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်တွေက တာဝန်ယူတပ်စွဲခဲ့ပါတယ်။စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ကစပြီးတော့ တပ်မ (၂၂) ၊ တပ်မ (၄၄) နဲ့ ကမ်းရိုးတမ်းတပ်တွေပါ လာရောက်တပ်ခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ် ။






















































