မင်းအောင်လှိုင်တရုတ်မှ ပြန်လာအပြီးနောက် တတိယမြောက် အစုလိုက်၊အပြုံလိုက် ပြည်သူကို ဗုံးကြဲသတ်ဖြတ်ခြင်းဖြစ်
ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာရှိ နှစ်ခြင်းအသင်းတော် KBC ဘုရားကျောင်းကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၁၅ရက်) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် စစ်ရှောင်ပြည်သူ ၁၀ဦးသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်တို့က ပြောသည်။
ယနေ့(တန်ဆောင်မုန်းလပြည့်နေ့) ညနေ ၄နာရီ ဝန်းကျင်တွင် ကုန်းလော KBC ဘုရားကျောင်းရှိ စစ်ရှောင်စခန်းကို တိုက်လေယာဉ်ဖြင့် ဗုံး ၂လုံး ကြဲချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
ကုန်းလောအပါအဝင် မိုးမောက်မြို့နယ်ကို KIAက တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။
သေဆုံးသူများတွင် ကလေးငယ်များပါဝင် ကြောင်း သတင်းရင်းမြစ်က ပြောပြီး အရေအတွက် အသေးစိတ် အခြေအနေစုံစမ်းနေဆဲဖြစ်သည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်ခရီးစဉ်မှ ပြန်လာပြီးရက်ပိုင်းအတွင်း မိုးကုတ်မြို့နှင့် နောင်ချိုမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ နိုဝင်ဘာ ၁၂ရက် နေ့လည်က နောင်ချိုမြို့ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရီးသွားများအပါအဝင် ပြည်သူ ၁၁ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့သည်။
နိုဝင်ဘာ ၁၁ရက် ညသန်းခေါင်ကလည်း မိုးကုတ်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၉ဦးသေဆုံးပြီး ၁၃ဦး ဒဏ်ရာရခဲ့သည်။
” စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ တရုတ်ပြည်ခရီးစဉ် သူတို့က နိုဝင်ဘာ ၁၀ရက်ကနေ ပြန်လည်ရောက်ရှိလာပြီးတဲ့နောက်ပိုင်း အစုလိုက်အပြုံလိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လာတာ သူတို့ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးတဲ့နေရာ ဒါတတိယမြောက်လို့ မှတ်သားထားပါတယ်။ အဓိကတော့ တရုတ်အစိုးရက စစ်ကောင်စီကို သက်ဆိုးရှည်အောင် အသက်ဆက်ပေးလိုက်တဲ့ အဓိက တရားခံ ဖြစ်သွားပြီလို့ အဲဒီလိုမှတ်ယူပါတယ်”ဟု စစ်ရေး၊နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။
ထို့ကြောင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များထိန်းချုပ်ထားသည့် နေရာများရှိ အရပ်သား ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းသတင်းများ ယခင်ထက် သတိထားနေထိုင်ကြရန်လည်း ၎င်းက သတိပေးသည်။