အိမ်သွင်၊ထက်မြတ်/People’s Spring
ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ် ဗိုလ်သင်တန်းကျောင်း၌ လွန်ခဲ့သည့် ဆယ်နှစ်က စစ်တပ်၏လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကျဆုံးခဲ့သော ရက္ခိုင့်တပ်တော်မှ ဗိုလ်လောင်းရှစ် ဦးအပါအဝင် ဗိုလ်လောင်း ၂၃ဦးကို မည်သည့် အခါမှမေ့ပျောက်မည်မဟုတ်ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့(နိုဝင်ဘာ ၁၉ရက်) ထုတ်ပြန်သည်။
၂၀၁၄က လိုင်ဇာဗိုလ်သင်တန်းကျောင်း လက်နက်ကြီး ပစ်ခတ်ခံရမှုတွင် AA ဗိုလ်လောင်း ၈ဦး၊ တအာင်းတပ်မတော်(TNLA) ဗိုလ်လောင်း ၁၁ဦး၊ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဗိုလ်လောင်း ၂ဦး၊ ABSDFမှ ၂ဦး စုစုပေါင်း ၂၃ဦး ကျဆုံးကာ အများအပြား ဒဒဏ်ရာရရှိခဲ့သည်။
ယင်းဖြစ်ရပ်သည် ယနေ့ (နိုဝင်ဘာ ၁၉ရက်) ဆယ်နှစ်ပြည့်ခဲ့ပြီးဖြစ်သည်။
အဆိုပါ ဗိုလ်သင်တန်းကျောင်း လက်နက်ကြီး ပစ်ခတ်မှုကို လိုင်ဇာအနီး ခရာဘွမ်(တောင်)၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ခရာတောင် စစ်ကောင်စီ တပ်စခန်းကို KIA ပူးပေါင်းတပ်က ယခုနှစ် မတ်လ ၉ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ခရာတောင်စခန်း အပါအဝင် လိုင်ဇာဌာနချုပ်ကို ခြိမ်းခြောက်နေသည့် စစ်ကောင်စီတပ်စခန်းအားလုံးကို KIA ပူးပေါင်းတပ်က မတ်လ က စတင်ခဲ့သည့် စစ်ဆင်ရေးအတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်သင်တန်းကျောင်း လက်နက်ကြီး ပစ်ခတ်ခံရမှုတွင်ဗိုလ်လောင်းများ ဆုံးရှုံးခဲ့ရသည့် TNLA၊ AA၊ CNA ၊ ABSDF တပ်များ အနေဖြင့်လည်း စစ်ကောင်စီကို တစ်ဖွဲ့ချင်းဖြစ်စေ၊ မဟာမိတ်များနှင့်ဖြစ်စေ အတူပူးပေါင်းတိုက်ခိုက်လျက်ရှိရာ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများစွာ အောင်မြင်မှုရရှိထားသည်။ TNLAသည် ရှမ်းမြောက် တအာင်းဒေသရှိ မြို့ ၁၂မြို့ နှင့် စစ်ကောင်စီတပ်စခန်း ရာချီသိမ်းပိုက်ထားသကဲ့သို့ AA အနေဖြင့်လည်း ရက္ခိုင်ပြည်နယ်ရှိ မြို့ ၁၁မြို့ နှင့် ချင်းပြည်နယ် ပလက်၀၊ မတူပီ၊ ကျင်ဒွေး မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်အောင်မြင်ခဲ့သည်။
တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့ရသည့် အဆိုပါ ရဲဘော်များကို အမြဲတမ်းသတိရ နေမည်ဖြစ်ပြီး ဘယ်သောအခါမှ မေ့လိမ့်မည်မဟုတ်ဟုAA က ထုတ်ပြန်ထားသည်။
ထို့အပြင် နှစ်စဉ် အောက်မေ့ဖွယ်အခမ်းအနားကို စစ်ရေး၊ နိုင်ငံရေးအခြေအနေပေါ် မူတည်၍ ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင်လည်း အကျဉ်းချုံး၍ ပြုလုပ်ခဲ့ကြောင်း AAက ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်ခံရမှုနောက်ပိုင်း AAနှင့် စစ်တပ်သည် ရခိုင်ပြည်နယ်၌ တိုက်ပွဲများဖြစ်ပွားခဲ့သည်။
နောက်ပိုင်းနှစ်များတွင် AAသည် အင်အားကြီးမားလာပြီး လူထုထောက်ခံမှုရရှိနေသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်လာသည်။
လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးတွင်လည်း လူထုနှင့် ပူးပေါင်းပါဝင်နေကာ ရခိုင်ပြည်နယ်အပြင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှ တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေသည်။
ရခိုင်ပြည်နယ်တွင် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ မြေပုံ၊ ပေါက်တော၊ သံတွဲ၊ကျိန္တလီမြို့နှင့် ချင်းပြည်နယ်ပလက်ဝဒေသကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အမ်း၊မောင်တောင်၊ဂွနှင့် တောင်ကုတ်မြို့နယ်တို့ကို ဆက်လက်သိမ်းပိုက်နိုင်ရေးဆင်တိုက်ခိုက်နေသည်။