Connect with us

Hi, what are you looking for?

သတင်း

မတ္တရာလေကြောင်းတိုက်ခိုက်မှု ပြည်သူ ၂ဦးသေဆုံး

စစ်ကောင်စီက အဆိပ်ငွေ့ဗုံးဟုယူဆရသည့် ဗုံးများကြဲချမှုကြောင့် ဒေသခံပြည်သူ ၈၀ ကျော် မူးလဲအော့အန်သည့် ဝေဒနာခံစားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

(မတ္တရာမြို့နယ်ရှိ အုတ်ဖိုကျေးရွာကို စစ်ကောင်စီက ၂၀၂၃ ဇူလိုင်အတွင်းက လေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - CJ)
(မတ္တရာမြို့နယ်ရှိ အုတ်ဖိုကျေးရွာကို စစ်ကောင်စီက ၂၀၂၃ ဇူလိုင်အတွင်းက လေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်၍ ပြည်သူ ၈၀ကျော် မူးလဲအော့အန်ခဲ့ရဟု ဒေသခံများပြော

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂ဦးသေဆုံးပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြု တိုက်ခိုက်မှုကြောင့် ပြည်သူ ၈၀ကျော် မူးလဲအော့အန်သည့် ဝေဒနာခံစားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ၂၂ရက်) နံနက် ၁၁နာရီခွဲခန့်က တံတားဦးမှတက်လာသော စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီးသည် မတ္တရာမြို့နယ် စိန်ပန်းကုန်းကျေးရွာအနီးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ (၄၀)ကျော်အရွယ် အမျိုးသား ၂ဦးသေဆုံးပြီး ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံပြည်သူ သုံးဦးထိခိုက်ဒဏ်ရရှိခဲ့ကြောင်း စစ်ရှောင်ကူညီနေသည့် ရောင်နီနွေဦးအဖွဲ့တာဝန်ရှိသူက ပြောသည်။

“အမျိုးသမီးတစ်ယောက်ကတော့ ပေါင်မှန်တယ်။ ကလေးတစ်ယောက်ကတော့ ခန္ဓာကိုယ် တစ်ခုလုံးပဲ ထိတယ်။ အသက်ခြောက်ဆယ်လောက်ကတော့ ခြေထောက်မှန်တယ်။”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီက အဆိပ်ငွေ့ဗုံးဟုယူဆရသည့် ဗုံးများကြဲချမှုကြောင့် ဒေသခံပြည်သူ ၈၀ ကျော် မူးလဲအော့အန်သည့် ဝေဒနာခံစားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

“ဓါတုလက်နက်ကြောင့် သေဆုံးမှုတော့ မရှိဘူး။ တော်တော်များများသက်သာလာပါပြီ။”ဟု ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောသည်။

ယမန်နေ့ နံနက်ပိုင်းက မတ္တရာမြို့နယ်အနောက် ခြမ်း၌တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တိုက်ပွဲနှင့် မသက်ဆိုင်သည့်နေရာကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများရှိပြီး ထိခိုက်သူများအား မတ္ထရာမြို့တွင်းသို့ သယ်ယူခဲ့ကြောင်း Voice Of Mandalay အဖွဲ့က ပြောသည်။

မတ္တရာမြို့သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ရှိရာ မန္တလေးမြို့နှင့် (၂၄)မိုင်ခန့်သာကွာဝေးသည်။

နိုဝင်ဘာ ၁၇ ရက်က မတ္တရာမြို့နယ်အနောက်ခြမ်း၊ ဆောက်ခြုံပေါက်ကျေးရွာသို့ ဝင်ရောက်လာသည့်အမှတ် (၉၁၀)စစ်အင်ဂျင်နီယာတပ်ရင်းမှ ထွက်လာသော စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(၇၀၁)မှ ဗိုလ်မှူးကျော်ဇေယျဦးစီးပြီး ခမရ(၇၀၁၊ ၇၀၃၊၇၀၄)အင်အား(၇၀)ကျော်ပါ စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးသေဆုံးပြီး သေနတ် ၉လက်နှင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသက နိုဝင်ဘာ ၂၁ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် မတ္ထရာမြို့နယ်အနောက်ခြမ်းကို နိုဝင်ဘာ ၉ ရက်မှစတင်ပြီး စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မတ္တရာမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သိမ်းထားသည့် တပ်စခန်းများကို ပြန်လည်ရရှိရန် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများသာမက မြေပြင်စစ်ကြောင်းများကိုပါ အသုံးပြုပြီး တန်ပြန်ထိုးစစ်ဆင်နေသော်လည်း သိမ်းထားသည့် စခန်းများအား အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ကြောင်း မန္တလေး PDFက အောက်တိုဘာ တတိယပတ်အတွင်းက အသိပေးထားသည်။

မတ္တရာမြို့နယ်မှ စစ်ကောင်စီစခန်း ၄၀ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။