ဟန်နွေ/People’s Spring
စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းထားသည့် တပ်သားသစ်တစ်ဦး လက်နက်နှင့်အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က သတင်းထုတ်ပြန်သည်။
KNU၏ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒို မြိုနယ်) တပ်ရင်း (၉) နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီတပ် ခမရ(၅၈၉)တပ်ရင်း၌ တာဝန်ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂) တပ်သားကျော်မင်းအောင်သည် နိုဝင်ဘာ ၁၄ရက်တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟုဆိုသည်။
အဆိုပါတပ်သားသည် MA-3 (၁) လက်၊ ကျည်ဘောက် (၅) ခု၊ လက်ပစ်ဗုံး (၁) လုံး နှင့် ကျည် ၁၅၀တောင့် ပါလာခဲ့သည်ဟု ဆိုသည်။
လက်နက်နှင့် အလင်းဝင်လာသည့် တပ်သား ကျော်မင်းအောင်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉)က ဆုငွေ ကျပ် ၁၀သိန်း ပြန်ပေးအပ်ခဲ့သည်ဟု အသိပေးသည်။
ထို့အပြင် တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင်လည်း ရေဖြူအခြေစိုက် ခလရ(၂၇၃)တပ်ရင်းမှ တပ်သားသစ်များ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦး ပြည်သူကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းထံ အလင်းဝင်ခဲ့သည်။
အလင်းဝင်လာသူများသည် စစ်မှုထမ်း အပတ်စဉ် (၁)နှင့် အပတ်စဉ် (၂)မှ တပ်သားသစ်များ ဖြစ်ပြီး မောရ၀တီရေတပ်မှ အလင်းဝင်လာသည့် တပ်သားသည် လက်နက်ယူလာသည်ဟု ဒေါနစစ်ကြောင်း စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။
စစ်ကောင်စီက အတင်းအဓမ္မ စစ်သားစုဆောင်းထားသူများကို ရှေ့တန်းနယ်မြေများ၌ အသုံးပြုလာသည်ကိုတွေ့ရကြောင်း ဒေါနစစ်ကြောင်း စစ်ကြောင်းမှူးက ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏အသုံးချမှုကို လက်မခံဘဲ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ်ပူးပေါင်းကြရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။
“အကြမ်းဖက်မင်းအောင်လှိုင်ကတော့ မဟုတ်တဲ့နည်းနဲ့ စည်းရုံးပြီးတော့ လုပ်ဆောင်နေတာ အများကြီးရှိသလို ပြည်သူကို ပြည်သူချင်း ပြန်ပြီး အိုးမဲသုတ်ပြီး လက်နက်ကိုင်ပြီး တိုက်ခိုင်းတဲ့သဘော သက်ရောက်မှုရှိတယ်။ အဲဒါကြောင့် ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းမှာ လာရောက်ပြီး ကျနော်တို့နဲ့ ပူးပေါင်းပေးဖို့ အဲဒါ တိုက်တွန်းချင်ပါတယ်။ နိုင်ငံတဝန်းလုံးမှာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို ပြန်ပေးဆွဲအတင်း အဓမ္မ စစ်သားစုဆောင်းပြီး အခုလိုမျိုး လုပ်နေတာတွေကိုလည်း ပြည်သူတွေအနေနဲ့ လက်မခံဖို့ပေါ့”ဟု စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။
စစ်ကောင်စီတပ်၏စစ်မှုထမ်းအမိန့်ကြေညာချက်များကြောင့် အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများအပါအဝင် ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင်ရောက်နိုင်ကြောင်းလည်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။