ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် တော်လှန်ရေးအဖွဲ့များ လမ်းပိုင်းစစ်ဆေးမှုပြုလုပ်စဉ် စစ်ကောင်စီထုတ်ကုန် ဘီယာများ တင်ဆောင်လာသော ယာဉ်သုံးစီးအား စစ်ဆေးတွေ့ရှိပြီး အဆိုပါဘီယာများ ဖျက်ဆီးခဲ့သည်။
ယမန်နေ့(ဒီဇင်ဘာ ၁၄ရက်)က ခင်ဦးမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့က ကုန်တင်ယာဥ်များကို စစ်ဆေးခဲ့ရာ ကုန်တင်ယာဥ် သုံးစီးပေါ်မှ Myanmar Beerနှင့် ANDAMAN GOLD အမှတ်တံဆိပ် ဘီယာများ သယ်ဆောင် လာသည့် ယာဉ်များတွေ့ရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။
ထို့နောက် ယာဉ်ပေါ်ပါ စုစုပေါင်းကျပ်သိန်းတစ်ရာကျော်တန်ဖိုးရှိ စစ်ကောင်စီထုတ်ကုန် Myanmar Beer ဂျပ်ဖာပေါင်း (၁၉၀)ဖာနှင့် ANDAMAN GOLD ၃၇ဖာတို့ကို သိမ်းဆည်းရရှိခဲ့သည်။
သိမ်းဆည်းရရှိသော ဘီယာများကို မြို့နယ် ပအဖ၊ ပကဖက အများပြည်သူရှေ့မှောက်တွင် ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။
“ကားသမားတွေကိုတော့ နောက်တခါမတင်ဖို့ပြောလိုက်တယ်။ စီးပွားရေးသမားတွေကြောင့် တင်ပေးရတာလို့တောင်းပန်တယ်။ နောက်ခါတင်ရင်တော့ကားပါသိမ်းမယ်လို့ ပြောလိုက်တယ်။”ဟု ၎င်းက ပြောသည်။
အဆိုပါ ထုတ်ကုန်ပစ္စည်းများမှ အမြတ်အစွန်း၊ ငွေကြေးများသည် ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဆိုးရွားစွာ ဖျက်ဆီးစေနိုင်သည့်လုပ်ရပ်များ ဖြစ်စေနိုင်သည့်အတွက် စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများကို ခင်ဦးမြို့နယ်အတွင်း သယ်ယူဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း၊ ပြည်သူများကလည်း စစ်တပ်ထုတ်ကုန်များအား သပိတ်မှောက်ကြရန် မြို့နယ်ပအဖအဖွဲ့မှ မေတ္တာရပ်ခံထားသည်။