တာရာ/People’s Spring
ရွှေအရောင်းအဝယ်လုပ်လိုသူများသည် လုပ်ငန်းပမာဏတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းကို ဘဏ်တွင် ငွေအပေါင်ထားရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်သည်။
ရွှေရောင်းဝယ်ခြင်းတို့ကို လိုင်စင်ဆောင်ရွက်ရမည်ဖြစ်သည်ဟု စစ်ကောင်စီက အောက်တိုဘာ ၂၅ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရွှေလုပ်ငန်းရှင် အသင်းက ယခုကဲ့သို့တင်းကြပ်သည့် စည်းကမ်းထုတ်ပြန်လာခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းမှာ စစ်ကောင်စီ နှင့်ပူးပေါင်း၍ စစ်ကောင်စီ ညွန်ကြားသမျှလိုက်ပါဆောင်ရွက်ပေးနေသောအသင်းဖြစ်သည်။
“ဘဏ်မန်နေဂျာလက်မှတ်နဲ့ ဘဏ်စတိတ်မန့် အစစ်တင်ပြရမယ်လိုကြားတယ်။ ထွေအုပ်ရုံးက ထောက်ခံချက်လည်းတင်ပြပေးရမယ်လို့လည်းပြောတယ်”ဟု ၎င်းကဆက်ပြောသည်။
စစ်ကောင်စီက ရွှေရောင်းဝယ်ခြင်းလိုင်စင်ကို ၂၀၂၅ ဖေဖော်ဝါရီ ၁၇ ရက်အထိ လျှောက်ထားရန်နှင့် လျှောက်ထားသူများသည် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းနှင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းတို့ အဖွဲ့ဝင်ဖြစ်ရမည်ဟုလည်း ကန့်သတ်ထားသည်။
ထိုအပြင် လျှောက်ထားသူသည် စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက သတ်မှတ်သည့် ဈေးနှုန်းအတိုင်းရောင်းရမည်ဟုလည်းဆိုသည်။
ထိုသတ်မှတ်ချက်အတိုင်းမဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအဖြင့် အရေးယူမည်ဟုလည်း စစ်ကောင်စီကခြိမ်းခြောက်ထားသည်။