စစ်တပ်၏ကြီးစိုးမှုနှင့် အာဏာသိမ်းအုပ်ချုပ်မှုများ အမြစ်ပြတ်ချေမှုန်းသွားရန် တခုတည်းသောနည်းလမ်းမှာ စစ်ရေးအရဖိအားပေး၍အနိုင်ယူခြင်းဟု ပြော
ဟန်နွေ/People’s Spring
နိုင်ငံတွင်းရှိ မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်၏ အသွင်သဏ္ဌာန်အမျိုးမျိုးကို အပြီးတိုင် လုံးဝချုပ်ငြိမ်း၊ ပျက်သုဉ်းသွားသည်အထိတိုက်ဖျက်သွားရန် မျှော်မှန်းထားရာကရင်လူမျိုးများ၊ လူမျိုးစုများ၊ တိုင်းရင်းသား ပြည်သူများအနေဖြင့် အခြေအနေအရပ်ရပ်ကို အတူတကွနားလည်သိလက်ခံပြီး ရင်ဆိုင်သွားကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းလိုက်သည်။
ထို့အပြင် အတူလက်တွဲ၍ အောင်မြင်မှုရရှိရန် တော်လှန်ရေးလှုပ်ရှားမှုများတွင် အတူရပ်တည် တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းဖိတ်ခေါ်လိုက်သည်။
ယနေ့ (ဒီဇင်ဘာ ၃၀ရက်)တွင်ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ သို့ ပြောကြားသည့် KNU ဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ အခြေအနေများ၌ ပြည်သူလူထု ရင်ဆိုင် နေရသည့် ဒုက္ခဆင်းရဲ အဝဝကို များစွာစာနာထောက်ထားမိပါသော်လည်း KNU ကယခုထိ တိုက်ပွဲဝင်နေခြင်းမှာ အခြားနည်းရွေးစရာမရှိတော့၍ ဖြစ်ကြောင်း ပြောပြသည်။
မြန်မာပြည်၏ လွတ်လပ်ရေးကို ဗြိတိသျှကိုလိုနီ လက်မှ ၁၉၄၈ခုနှစ်တွင် ရရှိခဲ့ပြီးနောက်ပိုင်း ၁၉၆၂တွင် ဗမာစစ်တပ်မှ နိုင်ငံတော်အာဏာကို အဓမ္မ သိမ်းယူပြီး စစ်အုပ်ချုပ်ရေးစနစ် အမျိုးမျိုးဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့ကြောင်း၊ ပြည်သူလူထု နှင့် လူမျိုးအလိုက် တော်လှန်သူများမှ နည်းလမ်းအမျိုးမျိုးဖြင့် ဆန့်ကျင်တော်လှန်ကြသော ကြောင့် အုပ်ချုပ်မှု ပုံစံအမျိုးမျိုးဖြင့် ပြောင်းလဲအုပ်ချုပ်ခဲ့သော်လည်း မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို မစွန့်ပယ်ခဲ့ကြကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
၂၀၁၅ ခုနှစ်တွင် တွေ့ဆုံဆွေးနွေးမှု အစီအစဉ် များ ဖြစ်ပေါ်လာခဲ့ပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ရှိလာခဲ့သည့်အတွက် တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ဆောက်သွားကြရန် သဘောတူညီချက် ရလဒ်ရရှိခဲ့ကြသော်လည်းဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန်အရေးသည် ဗမာစစ်တပ်အတွက် အာဏာယုတ်လျော့ကာ ပျောက်ကွယ်သွားမည်လော ဟူသည့် စိုးရိမ်ပူပန်စရာ ဖြစ်လာစေ၍ အများပြည်သူမှ ဒီမိုကရေစီစနစ် ရွေးကောက်ပွဲဖြင့် မဲပေး ရွေးချယ်တင်မြှောက်ခဲ့သော အစိုးရထံမှ ထပ်ခါတလဲလဲအဓမ္မအာဏာသိမ်းယူခဲ့သည်ဟု ဆိုသည်။
၂ဝ၂၁ ဖေဖေါ်ဝါရီ ၁ရက်တွင် ဗမာ့တပ်မတော်မှ နိုင်ငံတော်အာဏာကိုထပ်မံ၍ အဓမ္မသိမ်းယူခဲ့သည့်အတွက် နိုင်ငံရေးနည်းလမ်းဖြင့် ရုန်းကန်လှုပ်ရှားမှုများ အားလုံး ရပ်တန့်ခဲ့ ရကြောင်း၊ မဟုတ်မမှန်အကြောင်းအရာများ ကို ဖော်ပြပြီး နိုင်ငံတော် အာဏာကို အဓမ္မသိမ်းယူခဲ့သည့် ဗမာ့တပ်မတော်၏ လုပ်ရပ်ကို ပြည်သူလူထု မှ လက်မခံကြဘဲ၊ အစိုးရဝန်ထမ်းများ၊ ပညာရေး နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ အထူး သဖြင့် လူငယ်လူရွယ်များမှ ကန့်ကွက်ဆန့်ကျင် ဆန္ဒပြခဲ့ကြကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြသော မိဘပြည်သူများကို အာဏာသိမ်း စစ်တပ်မှ တပ်အင်အားများစွာဖြင့် လက်နက်ခဲယမ်းများအသုံးပြုလျက် အကြမ်းဖက်သောနည်းလမ်းများဖြင့် နှိမ်နင်းခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိမှု များစွာအပြင် အသက်သေဆုံးမှုများ အများအပြားရှိလာခဲ့ရာ အာဏာသိမ်းစစ်တပ် ၏ အကြမ်းဖက်နှိမ်နင်းခြင်းများ ပိုမိုဆိုးရွားလာသောကြောင့် အာဏာသိမ်းမှု ကို နည်းလမ်းမျိုးစုံ မှ ကန့်ကွက်ဆန့်ကျင် ဆန္ဒပြမှုများသည်လည်း ရရာလက်နက်များဖြင့် ပြန်လည်ခုခံကာကွယ် လာရသည်မှတဆင့် လက်နက်ကိုင် တိုက်ပွဲဝင် ဆန့်ကျင်တော်လှန်လာရသည်အထိ ဖြစ်လာခဲ့ရဟု အသိပေးသည်။
ဗမာစစ်တပ်၏ ကြီးစိုးမှုနှင့် အာဏာသိမ်းအုပ်ချုပ်မှုများကို တိုက်ဖျက်ပြီး အမြစ်ပြတ် ချေမှုန်းသွားရန် တခုတည်းသော နည်းလမ်းမှာ ၎င်းတို့ အားကိုးအားထား အသုံးပြုနေသည့် စစ်ရေးအရ ဖိအားပေး၍ အနိုင်ယူခြင်းပင် ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောသည်။
အနာဂတ်တိုင်းပြည်၏ လူမျိုးစု၊ တိုင်းရင်းသားများအကြား သဟဇာတဖြစ်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ရှိလာစေရန် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုသာလျှင် တည်ဆောက် ရမည်ကို လူမျိုးစု၊ တိုင်းရင်းသားပြည်သူများ၊ အထူးသဖြင့် လူငယ်လူရွယ်များ မှ သိမြင်ပြီး လက်ခံလာမှုများ ပိုမို များပြားလာနေသည်ဟုလည်း ပြောပြသည်။
လူမျိုးစုများ၊ ပြည်သူလူထု၊ လူငယ်လူရွယ်များ မှ ရရာ လက်နက်စွဲကိုင်လျက် အာဏာသိမ်း ဗမာစစ်တပ် နှင့် အပေါင်းအပါများ ကို စစ်ရေးအရ ဆန့်ကျင် တိုက်ပွဲဝင်ခြင်းများ ပြင်းထန်လာခဲ့ရာ
စစ်တပ်အာဏာသိမ်းမှု ၄နှစ် ပြည့်တော့မည့်အချိန်၌ သံတမန်ရေးရာ၊ စစ်ရေးစစ်ရာ၊ နိုင်ငံရေးရာ၊ လူမှုရေးရာ များအရ ဆန့်ကျင်တိုက်ပွဲဝင်ခြင်းများ ပိုမိုများပြားလာပြီး ပိုမို ပြင်းထန်လာခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။
ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံကြီးငယ် အတော်များများ မှ အာဏာသိမ်းစစ်တပ် ၏ လုပ်ရပ်များသည် မတရားသောနည်းလမ်း အကြမ်းဖက်နည်းလမ်းများ ဖြစ်သောကြောင့် မြန်မာနိုင်ငံအစိုးရ အဖြစ် အသိအမှတ်မပြုဘဲ နိုင်ငံရေးအရ၊ စီးပွားရေးအရပူးပေါင်းလုပ်ဆောင်မှုများ ကို ရပ်တန့်ခဲ့ကြကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
“ပြည်သူလူထု မှလည်း စစ်တပ်အင်အားစုများ ကို ယုံကြည်မှု၊ ထောက်ခံမှု မရှိကြတော့ပါ”ဟု ၎င်းက ပြောသည်။
ဗမာစစ်တပ်သည် အဘက်ဘက်မှ ကြပ်တည်းမှု၊ ခက်ခဲမှုများကို ရင်ဆိုင်နေရပြီ ဖြစ်ပြီး စစ်စခန်း ကြီး၊ငယ် အများအပြားနှင့် မြို့ကြီး၊မြို့ငယ် အများအပြားကိုလည်း လက်လွတ်ဆုံးရှုံးလိုက်ရပြီး ဖြစ်ကြောင်း ပြောကြားသည်။
ပြည်တွင်းနေရာ နယ်မြေအများအပြားတွင် လည်း တိုက်ပွဲများ မကြာခဏသော်၎င်း၊ နေ့စဉ်သော်၎င်း ဖြစ်ပွားနေဆဲ ဖြစ်ရာ အာဏာသိမ်း စစ်တပ်၏ စစ်ဗိုလ်စစ်သည် အများအပြားလည်း ထိခိုက်သေဆုံးပျက်စီး ကြရခြင်း ကြောင့် အချို့မှာ စိတ်ဓါတ်ကျ ပြီး တော်လှန်ရေး အင်အားစု များထံသို့ အရှုံးပေးလက်နက်ချ အလင်းဝင်လာမှုများ တဖြည်းဖြည်းများပြား လာဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ဗမာစစ်တပ်သည် တော်လှန်ရေးအင်အားစုများကို ဖိနှိပ်နှိမ်နင်းရန်အတွက် အကြမ်းဖက်ခြင်း၊ ခိုးယူလုယက်ခြင်း၊ နှိပ်စက်သတ်ဖြတ် ခြင်း စသည့် အဓမ္မနည်းလမ်းများစွာ အသုံးပြုပြီး စစ်ရေး ကျင့်ဝတ်သိက္ခာများကိုလည်း ဖောက်ဖျက် ကျူးလွန်လာနေကြောင်း၊စစ်ရေးဆိုင်ရာ ပစ်မှတ်ထားရသည့် နေရာများ မဟုတ်သော ကျေးရွာများ၊ မြို့များ၊ လူနေတိုက်တာ အဆောက်အဦးများ၊ ဘာသာရေး အဆောက်အအုံများ၊ စစ်ဘေးရှောင်နေရာဒေသများ အား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များ ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းများ ကိုလည်း ပြုလုပ်နေကြောင်း ပြောပြသည်။
လက်ရှိကာလ ဗမာစစ်တပ်၏ ရက်စက်ယုတ်မာမှုများကြောင့် ပြည်သူလူထု အများစုမှာ ဆင်းရဲကြပ်တည်းခြင်း၊ ပျက်စီးဆုံးရှုံးခြင်း၊ ထိခိုက်သေဆုံးခြင်း၊ ပူပန်စိုးရွံခြင်း များကို ကြီးမားစွာ ရင်ဆိုင်နေကြရကြောင်း၊ စစ်ပွဲကြီးငယ်များကြောင့် စစ်ဘေးရှောင်ဒေသခံပြည်သူ အများအပြားလည်းတနေ့တခြား တိုးပွားလာနေကြောင်း အသိပေးသည်။
ထိုမျှမက ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ ကြမ်းတမ်းဆင်းရဲခြင်းများ သည် မည်သည့်ကာလအထိ ကြာမြင့်ဦးမည်ကို မသိနိုင်၊ မခန့်မှန်းနိုင်သောကြောင့် ရှေ့ရေးအတွက် ရတက်မအေး ဖြစ်နေကြကြောင်း နားလည်ကြောင်း၊ သို့ရာတွင် နိုင်ငံတွင်းရှိ မဟာလူမျိုးကြီးဝါဒ နှင့် အာဏာရှင်စနစ် ၏ အသွင်သဏ္ဌာန်အမျိုးမျိုးကို အပြီးတိုင် လုံးဝချုပ်ငြိမ်း၊ ပျက်သုဉ်းသွားသည်အထိ တိုက်ဖျက်သွားရန် မျှော်မှန်းချက်အား အကောင်အထည်ဖော်ရန် အခြားရွေးစရာမရှိဟု KNU ဥက္ကဋ္ဌက အသိပေးသည်။
အထက်ပါ မျှော်မှန်းချက် ပြည့်စုံပြီးမြောက်အောင်မြင်စေရန်အရေးသည် အဖွဲ့တစ်ဖွဲ့တည်း၊ လူမျိုးတစ်မျိုး တည်းဖြင့် လုပ်ဆောင်နိုင်မည် မဟုတ်ဟုလည်း ပြောကြားသည်။
လူမျိုးစုတော်လှန်ရေးအင်အားစုများ၊ အထူးသဖြင့် ကရင့်အမျိုးသားရေးပန်းတိုင် ရောက်ရှိရန် အနာဂတ်တွင် လူမျိုးတစ်မျိုး အဖြစ် ရပ်တည်ရှင်သန်နိုင်ပြီး အစဉ်တိုးတက်ဖွံ့ဖြိုးရေး အတွက် ကရင့်တော်လှန်ရေးအဖွဲ့အသီးသီး၊ ကရင်အဖွဲ့အစည်းအသီးသီး တို့မှ အမျိုးသားရေးကဏ္ဍတွင် ခိုင်ခိုင်မာမာရပ်တည်လျက် လက်တွဲလုပ်ဆောင်သင့်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
လက်ရှိနိုင်ငံရေး အခြေအနေအရ မိမိကိုယ်ကို ကရင် လူမျိုးတစ်ဦး ဖြစ်သည်ဟု အသိအမှတ်ပြုလျက် ရေတွက်ပါဝင်သော သူတိုင်း နှင့် ကရင့်အရေး ဆောင်ရွက်နေသည် ဟု ကြွေးကြော်လျက် လုပ်ဆောင်နေကြသော အဖွဲ့အစည်းတိုင်းသည် ကရင့်အမျိုးသားရေးအတွက် တစ်ခုတည်း သော နိုင်ငံရေး၊ အမျိုးသားရေး ဦးဆောင်ဦးရွက်ပြုမှုအောက်၌ စုစည်းကာ လက်တွဲလုပ်ဆောင် ပါဝင်ပေးဆပ်ချိန် တန်ပြီ ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။