အိမ်သွင်/People’s Spring
တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ယောဒေသ၊ ဂန့်ဂေါမြို့နယ် ဇဟောကျေးရွာအထက်တန်းကျောင်း မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။
ဇဟောကျေးရွာရှိ အထက်တန်းကျောင်းသည် ဒီဇင်ဘာ၂၉ ရက် ည ၁၁နာရီခွဲခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ကျောင်းဆောင်တစ်ခုလုံး ပြာကျသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ အဆိုပါဖြစ်စဉ်သည် မီးရှို့ခံရခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်သည်။
” ဓာတ်ဆီလောင်းပြီးရှို့သလိုပဲ။ ဒီရွာက ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းထားတာဟုတ်တယ်။ ဒါပေမယ့် အစိမ်း(ကြံ့ခိုင်ရေးပါတီဝင်)တွေလည်း အရမ်းများတယ်။ အာဏာသိမ်းတာကို ထောက်ခံတုန်းက ဦးလှဆွေ(ဘူးလက်လှဆွေ)က အဲဒီရွာကနေ လက်သီးလက်မောင်းတန်းပြီးထွက်ခဲ့တာ။ အခု ကျောင်းမီးရှို့ခံရတာတော့ တော်တော်လေးအခြေအနေဆိုးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇဟောကျေးရွာသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသည့်ကျေးရွာဖြစ်သည်။ ယခု မီးရှို့ဖျက်ဆီးခံရမှုအတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ရှိသူများအနေဖြင့် ဒေသခံလူထုအား ရှင်းရှင်းလင်းလင်းအသိပေးရန်နှင့် မီးရှို့သူကို ဖော်ထုတ်ဖမ်းဆီးရန် ဒေသခံများက တောင်းဆိုနေသည်။
ဂန့်ဂေါမြို့ခံအမျိုးသမီးတစ်ဦးကလည်း ” ဒါက ပအဖရော၊ ပကဖရော၊ ပလဖပါ တာဝန်ရှိတယ်။ ကျောင်းဆောင် တစ်ဆောင်မီးရှို့ဖျက်ဆီးခံရတာက ရွာအတွက်အရမ်းအထိနာတယ်”ဟု ပြောသည်။
ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းရန် ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုသော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိပေ။