ဟန်နွေ/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း ပအိုဝ်းတိုင်းရင်းသားများ တိမ်းရှောင်နေသည့်စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီ လက်အောက်ခံပြည်သူ့စစ်အဖွဲ့ PNOက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ကလေးငယ် အပါအဝင် သေဆုံးထိခိုက်သူများရှိခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
ဇန်နဝါရီ ၁၇ရက် နေ့လည်ပိုင်းက ညောင်ရွှေမြို့နယ် ဘုရားတောင်ရွာ ဘုန်းကြီးကျောင်းအနီးရှိ ပအိုဝ်းတိုင်းရင်းသားများ စစ်ရှောင်နေသည့် စစ်ရှောင်စခန်းနေရာကို PNOက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ရှောင်များသည် ညောင်ရွှေမြို့နယ် ရေပူကျေးရွာရှိ ပအိုဝ်းတိုင်းရင်းသားများဖြစ်ပြီး ၂၀၂၄ ဧပြီက ညောင်လေးပင်ကျေးရွာအနီးတိုက်ပွဲဖြစ်၍ ဘုရားတောင်ရွာဘုန်းကြီးကျောင်းအနီး စစ်ရှောင်နေထိုင်ကြခြင်းဖြစ်သည်ဟုသိရသည်။

Public Service Announcement
အဆိုပါ စစ်ရှောင်စခန်းနေရာကို PNO တပ်ဖွဲ့ဖြစ်သည့် PNAက လက်နက်ကြီးဖြင့် ပစ်ခတ်ရာ (၆)နှစ်အရွယ် ကလေးငယ်အပါအဝင် ၃ဦး သေဆုံးကာ ၁၄ဦး ဒဏ်ရာရခဲ့ဟု ခွန်ရိန်းယံက ပြောသည်။
“ဒီဟာကတော့ ပြောစရာစကားမရှိလောက်အောင် အလွန်ယုတ်မာတဲ့ လုပ်ရပ်တွေပေါ့။ လူထုတွေပဲရှိတဲ့ စစ်ရှောင်စခန်းကို လက်နက်ကြီးနဲ့ ပစ်တယ်ဆိုတာ တော်တော်ယုတ်မာတဲ့သူတွေပေါ့”ဟု ခွန်ရိန်းယံက ပြောသည်။
PNOသည် စစ်ကောင်စီနှင့်အတူ ပူးပေါင်းပြီး ပအိုဝ်းတော်လှန်ရေးတပ်(PNLA)ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် ပါဝင်လျက်ရှိပြီး ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင်လည်း ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ဦးကို PNOက သတ်ဖြတ်ခဲ့သည်ဟု PNLAက သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၁၂ရက်က ဆီဆိုင်မြို့နယ် ထီစုံရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ PNO ပူးပေါင်းတပ်ကို PNLAက တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာရှိ အပါအဝင် ကျဆုံးထိခိုက်များသကဲ့သို့ PNLA ဘက်ကလည်း ၁ဦး ကျဆုံး ၅ဦး အဖမ်းခံရသည်ဟု ဆိုသည်။
ဖမ်းခံရသည့် ရဲဘော် ၅ဦးကို PNOက ဇန်နဝါရီ ၁၃ရက်တွင် သတ်ဖြတ်ခဲ့ကြောင်း၊ စစ်သုံ့ပမ်းများကို ရက်စက်စွာ သတ်ဖြတ်မှုမှာ မလုပ်သင့်သည့် ကိစ္စဖြစ်ပြီး စစ်ကောင်စီအကျိုးအတွက် PNOက ပအိုဝ်းလူမျိုးအချင်းချင်းအား သတ်ဖြတ်နေမှုအပေါ် ခေါင်းဆောင်ပိုင်းများ ပြန်လည်သုံးသပ် စဉ်းစားကြစေလိုကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောထားသည်။
စစ်ကောင်စီသည် ဇန်နဝါရီ ၁၅ရက်ကလည်း ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲစခန်းနှင့် ကျေးရွာဓမ္မာရုံတို့ ပျက်စီးခဲ့သည်ဟု PNLAက ထုတ်ပြန်ထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)၏ ထုတ်ပြန်ချက်အရ ယခု ဇန်နဝါရီ ၁ရက်မှ ၁၄ရက်အထိ စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ ပြည်သူ ၅၀ ကျော်သေဆုံးခဲ့သည်ဟု ဆိုသည်။
မြေပြင်သတင်းရင်းမြစ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ ဇန်နဝါရီနှစ်ပတ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးထိခိုက်မှု AAPPက ဖော်ပြချက်ထက် အရေအတွက် ပိုများသည်။
ထို့အပြင် ကချင်ပြည်နယ် တနိုင်း၊ ဖားကန့်နှင့် ရက္ခိုင်ပြည်နယ် ကျောက်တော်၊ ရမ်းဗြဲ မြို့နယ်များ စသည့် မြို့နယ် လေးခုအတွင်း လေကြောင်း တိုက်ခိုက်ခံရမှုများ၌ အနည်းဆုံးပြည်သူ ၆၀ ဦးကျော်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်နှင့် တိုင်းရင်းသားတပ်ဖွဲ့တို့၏ ထုတ်ပြန်ချက်အရ သိရသည်။


















































