Connect with us

Hi, what are you looking for?

သတင်း

NUG ခေါင်းဆောင်များက ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်ခေါင်းဆောင်များအား တွေ့ဆုံပြီး ညီညွတ်ရေး ဆွေးနွေး

ချင်းတော်လှန်ရေးအင်အားစုနှစ်ခုလုံးကိုလည်း တော်လှန်ရန်ပုံငွေ မျှဝေပေး

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မဟာမိတ်များထံ တော်လှန်ရန်ပုံငွေ မျှဝေခြင်း အခမ်းအနားကို ယနေ့ (ဇန်နဝါရီ ၁၈ရက်)ပြုလုပ်ခဲ့ရာ ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ချင်းတော်လှန်ရေးအင်အားစုများ ညီညွတ်ရေးဆွေးနွေးခဲ့ဟု NUGက သတင်းထုတ်ပြန်သည်။

အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများ၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ Chinland Council (CC) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ရရှိထားသည့် တော်လှန်ရေးရန်ပုံငွေများအား မျှဝေခြင်းအပြင် ချင်းအမျိုးသားရေးအတွက် အင်အားစုများ၊ အဖွဲ့အစည်းများကြား စည်းလုံးညီညွတ်ရေး နှစ်ဘက်ခေါင်းဆောင်များအကြား အတူတကွ နည်းလမ်းရှာ၍ ကြိုးပမ်းဆောင်ရွက်သွားမည့်အကြောင်း ဆွေးနွေးခဲ့သည်ဟုလည်း အသိပေးသည်။ သို့သော် ရန်ပုံငွေ မည်မျှ မျှဝေသည်ဆိုသည့် အချက်အလက်နှင့် ညီညွတ်ရေးအတွက် ဆွေးနွေးမှု အသေးစိတ် အချက်အလက်များ သတင်းထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

“ICNCC/CB အနေနဲ့ တက်ရောက်ကြပါတယ်ဗျ။ ကျနော်ကတော့ ခရီးသွားနေရလို့ မတက်ဖြစ်လိုက်ဘူး”ဟု ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက NUG နှင့် ချင်းညီနောင်၊ ချင်းပြည်ကောင်စီ တွေ့ဆုံမှု အခမ်းအနားနှင့်ပတ်သက်၍ ပြောပြသည်။

ချင်းတိုင်းရင်းသားများ အကြား ညီညွတ်ရေးအတွက် အပြောနှင့်အလုပ်ညီညွတ်ရန်လိုအပ်ကြောင်းလည်း ဆလိုင်းထန်းချွန်းဖေက ပြောသည်။

“ မြေပြင်မှာ အချင်းချင်း ပြဿနာ ဖြစ်အောင် ဖန်တီးတာ၊ စစ်ဆင်ရေး အနှောက်အယှက်ပေးတာ၊ မျိုးနွယ်စု တခုနဲ့တခု ပဋိပက္ခ ဖြစ်အောင် ဖန်တီးတာ ၊ စည်းလုံးပြီးသား တော်လှန်ရေး အဖွဲ့အစည်းတွေ ပြိုကွဲအောင်လုပ်တာတွေကို ရပ်တန့်ပြီးမှပဲ လက်တွေ စည်းလုံးညီညွတ်ရေးကို စကားပြောလို့ရပါမယ်ဗျ”ဟုလည်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ်လည်းဖြစ်သူ ဆလိုင်းထန်းချွန်းဖေက ပြောသည်။

ချင်းတိုင်းရင်းသားများအကြား ညီညွတ်ရေး ဖြစ်ပေါ်လာရန်နှင့်ပတ်သက်ပြီးချင်းပြည်ကောင်စီ အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံက

သဘောထားမှတ်ချက်မေးမြန်းထားဆဲဖြစ်သည်။

ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီတို့သည် သဘောထား ကွဲလွဲမှုများ ရှိနေပြီး ပြဿနာအချို့ တိုက်ပွဲအချို့ ဖြစ်ပေါ်ခဲ့သည့် အခြေအနေတွင် NUG က နှစ်ဖက် ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး ချင်းအမျိုးသားများအကြား ညီညွတ်ရေး ဖြစ်ပေါ်ရန် ကြိုးပမ်းလာခြင်းလည်းဖြစ်သည်။

လတ်တလောတွင် ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီတို့အကြား တီးတိန်မြို့သိမ်း တိုက်ပွဲဖော်ဆောင်မည့် ကိစ္စနှင့်ပတ်သက်၍ ညီညွတ်ရေး ပိုမိုပျက်ပြားစေမည့် အခြေအနေ ကြုံနေရသည်။ နှစ်ဖက်စလုံးက တီးတိန်မြို့သိမ်း စစ်ဆင်ရေး ဖော်ဆောင်မည့်ဟု အသိပေးထားသည့် အခြေအနေတွင် ချင်းညီနောင် က ချင်းပြည်ကောင်စီဘက်က စစ်ရေး ဖော်ဆောင်မှု မပြုရန်နှင့် ပြုလုပ်ပါက စစ်ကောင်စီကိုသာမက မည်သည့်အဖွဲ့ကိုမဆို တိုက်ထုတ်သွားမည်ဟု သဘောထားဖော်ပြထားသည်။

ချင်းပြည်ကောင်စီနှင့် ချင်းညီနောင် နှစ်ဖွဲ့လုံးသည် ချင်းပြည်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် မြို့များကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သော်လည်း ချင်းတိုင်းရင်းသားအချင်းချင်းအကြား သဘောထားကွဲလွဲမှုများကြောင့် နယ်မြေဆိုင်ရာ ပြဿနာများ ရှိနေ။ ၂၀၂၄ ဇွန်လက မတူပီမြို့နယ်တွင် ချင်းညီနောင်မဟာမိတ် AA ပူးပေါင်းတပ်နှင့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်အကြား တိုက်ပွဲများ ဖြစ်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့သည်။

“ကျနော် ကိုယ်တိုင်တော့ မ တက်လိုက်ရဘူး။ Zoom တစ်ခုတက်နေလို့ပါ။ ဘေးနားက သူငယ်ချင်းတစ်ယောက် တက်ပါတယ်။NUG က အခုလို တော်လှန်ရေးအဖွဲ့တွေကို.. ရန်ပုံငွေ မျှဝေပေးတာ ကောင်းတယ်။ တော်လှန်ရေးလုပ်နေသူတွေကို အားပေးတာ ဖြစ်သလို၊ ယုံကြည်မှု တည်ဆောက်ရာလည်း ကျတာပေါ့။ စစ်ကောင်စီကို တကယ် တိုက်ခိုက်မောင်းထုတ်ဖို့ ကြိုးစားအားထုတ်နေသူကို၊ မောင်းထုတ်နိုင်သူကို.. ပိုမျှဝေပေးရင်တော့ ပိုကောင်းတာပေါ့လေ”ဟု ချင်းညီနောင်အဖွဲ့ဝင်၊ မင်းတပ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမာန်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(CDF)- မတူပီအနေနဲ့ ချင်းပြည်​ကောင်စီ ချင်းပြည်အစိုးရရဲ့စစ်မှုထမ်း မူဝါဒအရအထက်မှညွှန်ကြားချက်တွေကိုအကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်လို့ ပါဝင်ပူးပေါင်းကြဖို့ CDF မတူပီကမတ်လ ၂၄ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ ၂၀ရက်မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ ကြေညာချက်ထုတ်ပြန်ခဲ့ရာ ချင်းပြည်ကို ချင်းအမျိုးသားပြည်သူတွေရဲ့ အသက်၊ သမိုင်းနဲ့ အနာဂတ်တို့အတွက် ရင်းနှီးတည် ဆောက်ထားခြင်းဖြစ်လို့ အရွယ်ရောက်ပြည်သူတိုင်း ချင်းပြည်ကာကွယ်ရေးမှာ ပါဝင်ကြရမယ်လို့ ဖော်ပြထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဦးတည်လာတဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း အရာရှိ ၉ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ချင်းပြည်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

၂၀၂၆ခုနှစ်ဟာ ပြည်သူ့အင်အားကို အဓိကထားပြီး တော်လှန်ရေးကို ပိုမိုမြန်ဆန်စွာ ရှေ့ဆက်တိုက်ပွဲဝင်သွားမယ့် နှစ်တနှစ်အဖြစ် ပုံဖော်ကြရမှာဖြစ်ကြောင်း ချင်းပြည်(Chinland)ကောင်စီဥက္ကဋ္ဌ ပူးဇင်ကျုံးက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။