Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် အမျိုးသမီးစစ်မှုထမ်းစာရင်း စတင်ကောက်ယူ

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက အမျိုးသမီးစစ်မှုထမ်းစာရင်း စတင်ကောက်ယူနေပြီဖြစ်ကြောင်း အဆိုပါမြို့နယ်များမှ သတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

၂ဝ၂၄ မတ်လ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနား တက်ရောက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသမီးတချို့။ ဓာတ်ပုံ - AFP

ရဲခေါင်/People’s Spring

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက အမျိုးသမီးစစ်မှုထမ်းစာရင်း စတင်ကောက်ယူနေပြီဖြစ်ကြောင်း အဆိုပါမြို့နယ်များမှ သတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

၂၀၂၄ ဖေဖော်ဝါရီက စစ်ကောင်စီအတည်ပြုခဲ့သည့် စစ်မှုထမ်းဥပဒေတွင် အသက်(၁၈)နှစ်မှ (၂၇)နှစ်အတွင်း အမျိုးသမီးများလည်း ၂နှစ်စစ်မှုထမ်းရန်ဆိုသည့်အချက် ပါဝင်သည်။

ထို့ကြောင့် လာမည့်စစ်မှုထမ်းအပတ်စဥ် (၁၀)ကစ၍ အမျိုးသမီးများပါ စစ်မှုထမ်းရတော့မည်ဟု ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံအသိပေးကာ စတင်စာရင်း ကောက်ယူနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မနေ့က(ဇန်နဝါရီ ၂၅ ရက်)ကစပြီး တစ်အိမ်ထွက်၊ တစ်အိမ်ဝင် အမျိုးသမီးစာရင်းတွေစကောက်တယ်။ကျွန်တော့်မိန်းမတောင် ကလေးရှိလို့လွတ်တာ။ဒါပေမယ့် အိမ်ဘေးနားက ညီအမ နှစ်ယောက်တော့ စာရင်းကောက်တဲ့အထဲပါသွားတယ်”ဟု ဒဂုံမြို့သစ်အရှေ့ပိုင်း(၈)ရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောသည်။

သာကေတမြို့နယ်၊ (၇)အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အမျိုးသမီး စစ်မှုထမ်းစာရင်းများ ကပ်ထားကြောင်းလည်း Rangoon Scout Networkက အသိပေးထားသည်။

ထို့အပြင် ဒဂုံဆိပ်ကမ်းမြို့နယ်တွင်လည်း အမျိုးသမီးစစ်မှုထမ်းစုဆောင်းရန် အသက် ပြည့်ပြီးသည့် အမျိုး သမီးများရှိရာ နေအိမ်များသို့ အကြောင်းကြားစာများပေးပို့ခြင်း၊ စာရင်းကောက်ယူခြင်းများ ရှိနေကြောင်း သိရသည်။

“အိမ်ထောင်စုစာရင်းတွေ ထပ်လာကောက်တယ်။ဘာလို့လဲမေးတော့ အတိအကျမပြောဘူး။ဒီအတိုင်း ရပ်ကွက်ရုံးက ကောက်တာလို့ပဲ ပြန်ဖြေတယ်။အခုက ရန်ကုန်မှာ စကစ အုပ်ကြီးနဲ့ပျူတွေလုပ်ချင်တိုင်းလုပ်နေကြတာ။စစ်မှုထမ်းစာရင်းထဲပါတဲ့ အမျိုးသားတွေဆို ပြေးမှာဆိုလို့ သူတို့က ရပ်ကွက်ရုံးထဲမှာ နှစ်ရက်၊ သုံးရက်လောက် ကြိုထည့်ပြီးချုပ်ထားတာတွေပါ လုပ်နေတယ်”ဟု အင်းစိန်မြို့နယ်နေထိုင်သူတစ်ဦးက ပြောသည်။

” ၁၈ နှစ်လည်း မထားဘူး။မနက်အစောကြီး စာရင်းကောက်သွားတာ။ကျွန်မလည်း ပါတယ်။ကျွန်မညီလည်း သူတို့ စာရင်းကောက်တဲ့အထဲပါသွားတယ်။ဘာဆက်ဖြစ်မလဲ မသိဘူး။ကြောက်တာတော့ ကြောက်တယ်။အိမ်က လူကြီးတွေကတော့ ရှောင်ဖို့ပဲ ပြောနေကြတယ်”ဟု စစ်ကောင်စီ၏ အမျိုးသမီးစစ်မှုထမ်းစာရင်းကောက် ယူခံခဲ့ရသည့် မရမ်းကုန်းမြို့နယ်နေသူအမျိုးသမီးတစ်ဦးက ပြောသည်။

ကမာရွတ်မြို့နယ်မှ အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း”မတက်သာလို့သာ ရန်ကုန်မှာ နေရတာ။စာရင်းထဲပါလာပြီဆိုရင်တော့ စခ ကျွန် တော့အဖြစ်မခံဘူး။အနီးစပ်ဆုံး တော်လှန်ရေးအဖွဲ့တွေထဲဝင်မှာ”ဟု ပြောသည်။

ယခု ဇန်နဝါရီ ၂၃ ရက်တွင် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ကြေညာရာတွင်လည်း ယင်းနည်း ဥပဒေတွင် လူငယ်များကို ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်း၊အရွယ်ရောက် သူအားလုံး စစ်မှုထမ်းရမည့် စစ်စည်းရုံးအမိန့် အပါအဝင် Non CDM ဝန်ထမ်းများလည်း စစ်မှုထမ်းရမည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းရှိအမျိုးသားများအား အဓမ္မစစ်မှုထမ်းခိုင်သည့် သင်တန်းအပတ်စဥ်(၉)အား စစ်ကောင်စီက စတင်နေပြီ ဖြစ်သည်။

နိုင်ငံနေရာအနှံ့အပြားတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ရှုံးနေသည့် စစ်ကောင်စီက စစ်သားလိုအပ်ချက်အရ ပြည်သူများအား စစ်တပ်အတွင်း အတင်းအဓမ္မဆွဲခေါ်၍ စစ်မြေပြင်သို့ စေလွှတ်နေသည်။ ထို့ကြောင့် စစ်မှုထမ်းဥပဒေဖြင့် ရှေ့တန်းစစ်မြေပြင်ရောက် စစ်သားသစ်များမှာ သေဆုံးမှုများ အများအပြားရှိနေသည်။

ထို့အပြင် လက်နက်များယူဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်သူများလည်း ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သတင်း

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၀ ကျော်ရှိကြောင်း ရန်ကုန် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ်‌ ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်​​ကောင်စီကဖမ်းဆီး​နေ​သောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။