မေ/People’s Spring
စစ်ကောင်စီက စစ်သမီးတွေကိုစစ်မတိုက်ခိုင်းဘဲ အရပ်သားအမျိုးသမီးတွေကို စစ်မှုထမ်းဖို့အတွက် စတင်စာရင်းကောက်ယူနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ ဇန်နဝါရီ ၂၅ရက်က စတင်ပြီး အမျိုးသမီးတွေ စစ်မှုထမ်းဖို့ စာရင်းကောက်ယူနေပြီး ဒီနေ့အထိ ရပ်ကွက်တွေမှာ နေ့ရော၊ညပါ ဆက်တိုက်ကောက်ယူနေတာလို့ မြို့ခံတွေက ပြောပါတယ်။
“မနေ့ညက အိမ်ကိုလာကောက်တယ်။ညီမလေးနာမည်စာရင်းကို တောင်းသွားတယ်။အခု ဘာလုပ်ရမလဲကိုမသိတော့ဘူး။အမေကတော့ငိုနေတယ် “လို့ စမ်းချောင်းမြို့နယ်ကပြည်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီက စစ်မှုထမ်းနည်းဥပဒေကို ဇန်နဝါရီ ၂၃ရက်က ပြဌာန်းလိုက်ပြီးတဲ့နောက် ယခုလိုစာရင်းကောက်ယူတာတွေ ဆက်တိုက်လုပ်ဆောင်နေတာလို့ သိရပါတယ်။
စစ်ကောင်စီအတည်ပြုခဲ့တဲ့ စစ်မှုထမ်းဥပဒေမှာ အသက်(၁၈)နှစ်က (၂၇)နှစ်အတွင်း အမျိုးသမီးတွေလည်း ၂နှစ်စစ်မှုထမ်းရမယ်ဆိုတဲ့အချက် ပါဝင်ပါတယ်။
ဒါ့ကြောင့် လာမယ့်စစ်မှုထမ်းအပတ်စဥ် (၁၀)ကစလို့ အမျိုးသမီးတွေပါ စစ်မှုထမ်းရတော့မယ်လို့ ရန်ကုန်မြို့က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လိုက်လံအသိပေးပြီး စတင်စာရင်း ကောက်ယူနေတာလို့ ပြောပါတယ်။
“ဇန်နဝါရီ ၂၅ ရက်ကစပြီး တစ်အိမ်ထွက်၊ တစ်အိမ်ဝင် အမျိုးသမီးစာရင်းတွေစကောက်တယ်။ကျွန်တော့်မိန်းမတောင် ကလေးရှိလို့လွတ်တာ။ဒါပေမယ့် အိမ်ဘေးနားက ညီအမ နှစ်ယောက်တော့ စာရင်းကောက်တဲ့အထဲပါသွားတယ်”လို့ ဒဂုံမြို့သစ်အရှေ့ပိုင်း(၈)ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။
သာကေတမြို့နယ်၊ (၇)အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာလည်း အမျိုးသမီး စစ်မှုထမ်းစာရင်းတွေကပ်ထားကြောင်းလည်း Rangoon Scout Networkက အသိပေးထားပါတယ်။
“အိမ်ထောင်စုစာရင်းတွေ ထပ်လာကောက်တယ်။ဘာလို့လဲမေးတော့ အတိအကျမပြောဘူး။ဒီအတိုင်း ရပ်ကွက်ရုံးက ကောက်တာလို့ပဲ ပြန်ဖြေတယ်။အခုက ရန်ကုန်မှာ စကစ အုပ်ကြီးနဲ့ပျူတွေလုပ်ချင်တိုင်းလုပ်နေကြတာ။စစ်မှုထမ်းစာရင်းထဲပါတဲ့ အမျိုးသားတွေဆို ပြေးမှာဆိုလို့ သူတို့က ရပ်ကွက်ရုံးထဲမှာ နှစ်ရက်၊ သုံးရက်လောက် ကြိုထည့်ပြီးချုပ်ထားတာတွေပါ လုပ်နေတယ်”လို့ အင်းစိန်မြို့နယ်နေထိုင်သူတစ်ဦးက ပြောပါတယ်။
တဖက်မှာလည်း စစ်တပ်က သူတို့တပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်သမီးတွေနဲ့ အရာရှိစစ်သည် ရဲမေတွေ၊ တပ်မိသားစုဝင်တွေ၊ အရာရှိဇနီးသည်တွေကို ရှေ့တန်းထွက် စစ်တိုက်ခိုင်းတာမျိုးတွေ မရှိသေးဘူးလို့လည်း စစ်တပ်အသိုင်းဝိုင်းက ပြောပါတယ်။
“အခုထိတော့ စစ်သည်ရဲမေအကုန်လုံးက နောက်တန်းမှာပဲ။ရှေ့တန်းမထွက်ရဘူး။အရာရှိဇနီးတွေကတော့ ကလေးဇွတ်ယူနေကြတယ်။ချွင်းချက်ထဲပါအောင်လို့ “လို့ စစ်တပ်အရာရှိတစ်ဦးက ပြောပါတယ်။
စစ်တပ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ အမျိုးသမီးတွေကို စစ်တိုက်ခိုင်းတာမျိုးမရှိဘဲ ပြည်သူတွေကိုသာ စစ်မှုမထမ်းမနေရဥပဒေထုတ်တာပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
လက်ရှိမှာ အသက်(၁၈)နှစ်ကနေ (၃၅)နှစ်အတွင်းက လူငယ်အမျိုးသားတွေကို အဓမ္မစစ်မှုထမ်းခိုင်တဲ့ သင်တန်းအပတ်စဥ်(၉)ကို စစ်ကောင်စီက စတင်နေပါတယ်။
နိုင်ငံနေရာအနှံ့အပြားမှာ တိုက်ပွဲများပြင်းထန်နေပြီး စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်သားလိုအပ်ချက်အရ ပြည်သူတွေကို စစ်တပ်အတွင်း အတင်းအဓမ္မဆွဲခေါ်ပြီး စစ်မြေပြင်ကို စေလွှတ်နေပါတယ်။
ဒါ့ကြောင့် စစ်မှုထမ်းဥပဒေနဲ့ ရှေ့တန်းစစ်မြေပြင်ရောက်ရတဲ့ စစ်သားသစ်တွေဟာ သေဆုံးမှုတွေ အများအပြားရှိနေပါတယ်။
ဒါ့အပြင် လက်နက်တွေယူဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ရောက်သူတွေလည်း ရှိနေပါတယ်။
