မတ် -၂၃ ၊ ၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုဌာနချုပ် အနီးဝန်းကျင်မှာ ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေးတပ်စခန်းကို မနေ့ (မတ်လ ၂၂) ရက်ကစတင်ပြီး KNU နဲ့ ပူးပေါင်းတပ်က ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။
ခလယ့်ဒေးတပ်စခန်း ဟာ လှိုင်းဘွဲ့မြို့နယ် ၊ ခလော်ကထိုက်( ရှမ်းရွာသစ်မြို့ ) အရှေ့ဘက် ၊ ထိုင်းနယ်စပ်အနီးမှာရှိတာပါ။
KNU ရဲ့ စစ်ရေးနယ်မြေခွဲခြာသတ်မှတ်ပုံအရ တပ်မဟာ (၇ ) နယ်မြေထဲမှာ တည်ရှိတဲ့စခန်းလည်းဖြစ်ပါတယ်။

Public Service Announcement
အဲဒီတပ်စခန်းကို မနေ့ကစတင်ပြီး KNU နဲ့ ပူးပေါင်းတပ်က ဒရုန်း နဲ့ဗုံးချတာ ၊ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
ခလယ်ဒေးစခန်းတိုက်ပွဲ ကြောင့် အနီးတဝိုက်မှာရှိတဲ့ ခလယ့်ဒေး၊ နို့လော်ဖလိုးကျေးရွာတွေက ဒေသခံတွေဟာ ထိုင်းဘက်ခြမ်းဆီ စစ် ရှောင်နေရတယ်လို့ သိရပါတယ်။
KNU ဗဟိုဌာနချုပ်အနီးဝန်းကျင် မှာ စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေးစခန်းအပြင် မယ်သဝေါစခန်း၊ ရှမ်းရွာသစ်ဗျူဟာတို့လည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကတော့ KNU တပ်မဟာ (၇) နယ်မြေ ထဲက စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၁၂၄၈( ပူလူတူ) တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်ကနှစ်ပတ်ကြာ အပြင်းအထန်တိုက်ပြီး သိမ်းယူထားပါတယ်။
ပူလူတူတပ်စခန်းသိမ်းတိုက်ပွဲမှာ ဒေသခံ ပြည်သူ ငါးရာခန့် ထိုင်းဘက်ခြမ်း စစ်ရှောင်ခဲ့ရသလို စခန်းသိမ်းခံရချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းနယ်ခြားမြစ် သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုက်နိုင်ငံထဲ ဝင်ပြေးကြပါတယ်။
ထိုင်းနယ်စပ်အနီးက ပူလူတူတပ်စခန်းကိုလက်လွှတ်လိုက်ရပြီး ရက်ပိုင်းအကြာမှာပဲ စစ်ကောင်စီတပ်ဟာ KNU ဌာနချုပ် ကို ဒရုန်းနဲ့ တန်ပြန်တိုက်ခိုက်ခဲ့တာတွေပြုလုပ်ခဲ့ပါတယ်။
