Connect with us

Hi, what are you looking for?

သတင်း

ငလျင်နဲ့ ငလျင်၊ တော်လှန်ရေးစစ်စစ်အောင်ရမည်

စစ်ကိုင်းငလျင်ကို အကြောင်းပြုပြီး မြန်မာကို ကမ္ဘာက ပိုသတိပြုမိလာပါတယ်။ ဒီတော့ စကစခေါင်းဆောင်ဟာ နိုင်ငံတကာ အကူအညီတွေ အလျင်အမြန် ပေးကြပါလို့ တောင်းသလို နိုင်ငံတကာမီဒီယာတွေကိုတော့ မလာနဲ့ဦးလို့ တားလိုက်ပါတယ်။

မသီတာ-စမ်း​ချောင်း​ရေးသားသည်

စစ်ကိုင်းငလျင်ကို အကြောင်းပြုပြီး မြန်မာကို ကမ္ဘာက ပိုသတိပြုမိလာပါတယ်။ ဒီတော့ စကစခေါင်းဆောင်ဟာ နိုင်ငံတကာ အကူအညီတွေ အလျင်အမြန် ပေးကြပါလို့ တောင်းသလို နိုင်ငံတကာမီဒီယာတွေကိုတော့ မလာနဲ့ဦးလို့ တားလိုက်ပါတယ်။ အာဏာတည်မြဲရေးအတွက် အမြဲတစေ အားထုတ်နေခဲ့တဲ့ အဲဒီခေါင်းဆောင်ကြီးဟာ အာဏာအတွက် ပြည်သူနဲ့နိုင်ငံအပေါ် အမြတ်ထုတ်တဲ့နေရာမှာ လျင်လွန်းလို့ ‘ငလျင်’ကြီးလို့ကို ကင်မွန်းတပ်ရမတတ်ပါ။ ဒီတော့ မြန်မာ့နိုင်ငံရေးအပေါ်မှာ သက်မဲ့’ငလျင်’နဲ့ သက်ရှိ’ငလျင်’ရဲ့ သက်ရောက်ရိုက်ခတ်မှုတွေ ပြင်းထန်လာပါတယ်။

ဒါကြောင့် သက်ရောက်မှုတွေအပေါ် တုံ့ပြန်တဲ့အခါ တော်လှန်ရေးဘက်တော်သားတွေကလည်း လျင်ဖို့ ထက်ဖို့ လိုလာတာ အမှန်ပါပဲ။

အရင်ဆုံးကတော့ မြန်မာအကြောင်း နိုင်ငံတကာသတင်းမီဒီယာတွေရဲ့ တင်ဆက်မှုတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အလှူခံ-ထောက်ကူအစီရင်ခံမှုတွေမှာ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ပတ်သက်တဲ့ အပြောအဆို၊ အသုံးအနှုန်းတွေကို သတိထားကြရအောင်ပါ။ မြန်မာမှာ ငလျင်က ခုမှ ဖြစ်ပေမဲ့ ‘ပြည်တွင်းစစ်’ကြောင့် နိုင်ငံဟာ ဘေးဒုက္ခ ရောက်ထားပြီးသားလို့ ပြောကြပါတယ်။ ဒါ့အပြင် တပ်မတော်ဟာ ‘သူပုန်’တပ်တွေကို ရှုံးနိမ့်နေတယ်လို့လည်း ဆိုကြပါတယ်။ မြန်မာမှာ ဘာတွေဖြစ်နေလဲဆိုတာ မသိနေတဲ့ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတဲ့ နိုင်ငံတကာက လူတွေအတွက် ငလျင်သတင်းကြည့်ရင်းနဲ့ ရလာမယ့် သတင်းစကားဟာ ‘ပြည်တွင်းစစ်’ နဲ့ ‘သူပုန်တပ်’များ ဖြစ်နေပါတယ်။ ဒါဟာ မြန်မာလူထုက လိုချင်နေတဲ့ သတင်းစကားနဲ့ ဘယ်လောက်ထပ်တူကျနေပါသလဲ။

Public Service Announcement

Public Service Announcement

မြန်မာလူထုအများစုဟာ ‘တော်လှန်ရေး’ တစ်ရပ်ကို ဆင်နွှဲနေတာဖြစ်ပြီး ‘ခုခံတော်လှန်ရေးတပ်’များက စကစတပ်တွေအပေါ် ခြိမ်းခြောက်အနိုင်ယူနေကြပြီဆိုတဲ့ သတင်းစကားမျိုးကိုသာ ပါးချင်ကြတာလို့ ဆိုရမှာပါ။ ဒါဖြင့် ဒီအသုံးအနှုန်းနဲ့ ဒီအတွေးအမြင်မျိုးကို နိုင်ငံတကာကလူတွေဆီ ရောက်သွားအောင် ဘာလို့ အားမထုတ်နိုင်ကြသေးတာပါလဲလို့ မေးစရာ ဖြစ်လာမှာပါ။

၂၀၂၃ ဇွန်လက တင်ခဲ့တဲ့ “ဝေါဟာရနဲ့ အနှစ်သာရ”ဆောင်းပါးမှာ ခုလို ရေးခဲ့ပါတယ်။

“တကယ်တော့ နိုင်ငံတကာက မြန်မာ့တော်လှန်ရေးကို အင်တိုက်အားတိုက် အားပေးရမှာ တွန့်ဆုတ် နေရတဲ့ အကြောင်းရင်းတစ်ခုဟာ အဲဒီလို ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အခြေခံနားလည်မှု အားနည်းပြီး သူတလူ ငါတမင်း အာဏာနယ်မြေ ထူထောင်လိုစိတ်တွေ များနေကြတဲ့ အရိပ်အခြေမျိုးတွေကို ကြိုမြင်နေကြလို့သာ ဖြစ်ပါတယ်။ စည်းလုံးမှု အားနည်းတယ်လို့ သံခင်းတမန်ခင်း ပြောကြတာကို ဒီဘက်က ဘာသာပြန်တဲ့အခါ ဘာကတိ ညာကတိတွေ တရားဝင်စာချုပ် မချုပ်နိုင်ကြသေးလို့ ဖြစ်တာ၊ ဒါအတွက် အန်ယူဂျီက တာဝန်ရှိတယ်လို့ ဘာသာပြန်လိုက်ကြပါတယ်။ တကယ်ကတော့ အာဏာသုံးရပ်ကို ဘယ်လိုစည်းစည်းလုံးလုံးနဲ့ ခွဲဝေကျင့်သုံးတတ်ကြောင်း၊ ကျင့်သုံးနိုင်ကြောင်း သက်သေမပြနိုင်သေးတာဟာလည်း တော်လှန်သူများဘက်က အားနည်းချက်အဖြစ် သူတို့က ရှုမြင်ကြပါတယ်။ နယ်မြေအလိုက် လက်နက်ကိုင်အစုအဖွဲ့လိုက် စစ်ရေး၊ နိုင်ငံရေးစကားပြောကြသလောက် အာဏာသုံးရပ်ကို ကျွမ်းကျင် နားလည်စွာနဲ့ စည်းလုံးစွာ ကျင့်သုံးပြီး နိုင်ငံတခုလုံးကို အုပ်ချုပ်နိုင်စွမ်း ရှိပြီလို့ မြင်ပါမှ တော်လှန်ရေး ဘက်တော်သားတွေကို ပုံအောထောက်ခံမယ့်သဘောပါပဲ။ တရုတ်ကိုယ်တိုင်က မြန်မာ့ပလေယာ ဘယ်တစုကမှ နိုင်ငံတခုလုံးကို အုပ်ချုပ်နိုင်စွမ်း ရှိနေပြီလို့ မမြင်လို့မို့ လက်နက်ကိုင်အစုအဖွဲ့အလိုက်ကို တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးဆိုတာမျိုး ခေါင်းစီးတွေနဲ့ ချဉ်းကပ်ပြီး ဖဲ့ထုတ်ရဲနေတာပါ။”

လတ်တလောမှာ လားရှိုးရဲ့ အရွေ့တွေကို ကြည့်ရင် အထက်ပါ ရေးခဲ့တာတွေနဲ့ ဆက်စပ်နိုင်မှာပါ။

နောက်တခါ နိုင်ငံတကာက ဘာလို့ ‘ပြည်တွင်းစစ်’လို့ တွင်တွင်သုံးကြလဲဆိုတာကို ဆန်းစစ်တဲ့အခါမှာလည်း လတ်တလော လားရှိုးက တရားစီရင်မှုပုံရိပ်တွေဟာ အရေးပါတဲ့နေရာက ပါဝင်လာမှာကို သတိ ချပ်ကြရပါမယ်။

၂၀၂၄ နှစ်ဆန်းက တင်ခဲ့တဲ့ “စစ်လား တော်လှန်ရေးလား” ဆောင်းပါးထဲမှာ ခုလိုလေးတွေ ရေးခဲ့ပါတယ်။

“‘ငါတို့ သဘောဆန္ဒ မပါရင် ငါတို့ကို ဘယ်သူမှ အုပ်ချုပ်လို့ မရဘူး’ဆိုတဲ့ စကားပါ။ တော်လှန်ရေးဝိဉာဉ်ဟာ အဲဒီအနှစ်သာရပေါ်မှာ အခြေတည်ပါတယ်။”

“မြန်မာပြည်မှာ ဖြစ်နေတဲ့ နွေဦးဆိုတာ လူထုက စခဲ့တဲ့ နိုင်ငံရေး၊ လူထုက ပုံဖော်တဲ့ တော်လှန်ရေးသာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်က ရှိနေနှင့်ပြီးသားမို့ စစ်နဲ့ တော်လှန်ရေး ဒွေးရောယှက်တင် ဖြစ်နေတဲ့ နေရာတွေ၊ အစိတ်အပိုင်းတွေလည်း ရှိတာပေါ့။ စစ်နဲ့ တော်လှန်ရေးကို ဘယ်လိုခွဲသလဲဆိုတော့ လူထုရဲ့ အာခံမယ်၊ ဆန့်ကျင်မယ်ဆိုတဲ့ ငြင်းဆန်မှုကို ဘယ်တုန်းကနဲ့ ဘယ်လောက်ထိ ထင်သာမြင်သာ တွေ့ခဲ့ရလဲဆိုတဲ့အပေါ် မူတည်မယ်လို့ ယူဆပါတယ်။ တချို့’စစ်ပွဲ’တွေ ဖြစ်နေတာမှာ အဲဒီဒေသက လူထုရဲ့ ငြိမ်းချမ်းစွာ ငြင်းဆန်အာခံဆန့်ကျင်မှု ဘယ်လောက်ထိ ပီပီပြင်ပြင် ဖြစ်ခဲ့၊ ဖြစ်ခွင့်ရခဲ့ပြီး အဲဒီကနေမှ ရွေးချယ်စရာ မရှိတော့လို့ လက်နက်ကိုင်စစ်ရေးနည်းကို လုပ်ခဲ့ရတာလား၊ နဂိုကတည်းက လူထုရဲ့ သဘောဆန္ဒဟာ အဲဒီဒေသတွင်း ရှိနှင့်တဲ့ လက်နက်ကိုင်များရဲ့ အရိပ်အကဲအရ မီးစင်ကြည့်ကပြီး စစ်ထဲ ပါလာရတာလားဆိုတာမျိုး နှစ်ပိုင်း ရှိနေပါတယ်။”

နိုင်ငံတကာဟာ ခုလောက်ထိ အသေးစိတ်တွေကို ရှုမြင်ပေးနိုင်မှာ မဟုတ်ပါဘူး။ သူတို့ ပိုပြီး မြင်သာ ထင်သာ ရှိနေတဲ့ ပုံရိပ်တွေအပေါ်ကနေပဲ ကောက်ချက်တွေ ချနေဦးမှာပါ။ သူတို့ရဲ့ ရှုမြင်မှုတွေကို ပြောင်းလဲသွားစေချင်ရင် ကိုယ့်ဘက်က ဘာတွေ လုပ်စရာ လိုနေလဲဆိုတာကို ပြန်သုံးသပ်ကြရုံပေါ့။ ဒီတော့ ‘တော်လှန်ရေး’လို့သာ တဖွဖွဆိုကြပေမဲ့ ‘စစ်’နဲ့ ‘တော်လှန်ရေး’ မကွဲပြားတော့အောင် စစ်ရေး အောင်မြင်မှုတွေနဲ့ စစ်အောင်အောင် တိုက်ပေးသူ လက်နက်ကိုင်အစုအဖွဲ့တွေအပေါ် နိုင်ငံရေးအရ သိဒ္ဓိ တင်ပေးကြတာတွေက တော်လှန်ရေးတစုံလုံးရဲ့ ပုံရိပ်အပေါ် သက်ရောက်လာမှုတွေကို သတိထားကြဖို့ လိုပါမယ်။ ကိုယ့်ဘာသာ ပြန်မေးရမယ့် မေးခွန်းတွေ အများကြီး ရှိနေပါတယ်။ ‘နွေဦးတော်လှန်ရေး’ရဲ့ ပုံရိပ်ကို ဘယ်လိုမြင်စေချင်ကြသလဲ။ သူ့ရဲ့ အနှစ်သာရနဲ့ ပန်းတိုင် အစစ်အမှန်က ဘာလဲ။ အဲဒီအရာတွေကို ကိုယ်တွေကိုယ်တိုင်က အစာကြေ နားလည်နေပြီးကာမှ နိုင်ငံတကာကို စည်းရုံး ဆွဲဆောင်နိုင်ကြမှာပါ။

၂၀၂၃ ဇွန်လက တင်ခဲ့တဲ့ “ဝေါဟာရနဲ့ အနှစ်သာရ”ဆောင်းပါးမှာ ခုလိုတွေ ရေးခဲ့ပါတယ်။

“တော်လှန်သူများဘက်ကို ထောက်ခံရုံနဲ့ ပူးပေါင်းရုံနဲ့ လွတ်လပ် လုံခြုံ ငြိမ်းချမ်းပြီး လူချင်းတူတူ သူချင်းမျှမျှ လေးစားတန်ဖိုးထားကြတဲ့ လူ့အဖွဲ့အစည်းမျိုး ဖြစ်လာမှာပါလား။ ဒီနေရာမှာ လူလူချင်း တန်ဖိုးထားလေးစားမှုဆိုတာကို ဘယ်လိုမျိုးနဲ့ ဘယ်လောက်ထိ အလေးအနက် ထားသင့်လဲဆိုတာကို တောင် မေးခွန်းထုတ်စရာပါပဲ။”

“အမှန်နဲ့အမှားဟာ လူမျိုး၊ ဘာသာ၊ ပါတီ ပေါ်မှာ အခြေတည်ပြီးပဲ ဖြစ်နေတာလို့ လွယ်လွယ်လေး အဖြေရှာနေကြရင်လည်း လွတ်လပ် လုံခြုံ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း မဖြစ်နိုင်ပေဘူး။”

” ဒီမိုကရေစီကို လိုချင်တယ်ဆိုတာ ကိုယ့်လူမျိုးအချင်းချင်းက ကိုယ့်ပိုင်နယ်မြေထဲမှာ ကိုယ့်ကို ပြန်ပြီး အနိုင်ကျင့်လို့ မရအောင်ပါ။ ဖက်ဒရယ်မကလို့ ကိုယ်ပိုင်လွတ်လပ်တဲ့ အချုပ်အခြာအာဏာနိုင်ငံတော် ရပြီးရင်တောင် ဒီမိုကရေစီနည်းအရ မဟုတ်ဘဲ တစုတဖွဲ့က အထူးသဖြင့် လက်နက်ကိုင် တိုက်ပေးခဲ့ သူတွေက အနစ်နာခံခဲ့ရလို့ဆိုပြီး အလုံးစုံ အကြွင်းမဲ့အာဏာကို ကျင့်သုံးမယ်ဆိုရင် အဲဒီဒေသက လူထု အဖို့ လွတ်လပ် လုံခြုံ ငြိမ်းချမ်းနိုင်ဖို့ အခွင့်အလမ်း နည်းနေဦးမှာပါ။ တာလီဘန်ဆိုတာ အာဖဂန်တွေ ပဲလေ။ ဘာသာတရားလည်း တူတာပဲ။ အာဖဂန်တွေရဲ့ဘဝဟာ သူတို့ပိုင်တဲ့နိုင်ငံထဲမှာပဲ တာလီဘန်တွေ လက်ထဲမှာမို့ မလွတ်လပ် မလုံခြုံ မငြိမ်းချမ်းတာ သေချာပါတယ်။ တာလီဘန်တွေဟာ လက်နက်ကိုင် ပြီး အလုံးစုံအကြွင်းမဲ့အာဏာကို ကျင့်သုံးနေလို့ ဒီလို ဖြစ်ရတာပါ။”

“တကယ်တော့ “ငါတို့ဘက်က ဓမ္မမို့ ငါတို့ လုပ်တာမှန်သမျှ တရားတယ်”ဆိုတဲ့ ချဉ်းကပ်မှုမျိုးဟာ နိုင်ငံ တကာကို ထိုးဖောက်ဖို့ မဖြစ်နိုင်ဆုံးပါပဲ။ ငါတို့ဟာ တော်လှန်ရေး(ဓမ္မ)ဘက်က ရပ်တည်ထားရင် လုပ် သမျှ မတရား မဖြစ်တော့ဘူးလို့ တကယ်ပဲ လက်ခံနားလည်သွားကြပါပြီလား။ တကယ်ရော အဲဒီအ ပြောဟာ အမှန်ပဲလား။ တရားမျှတမှုဆိုတာ နောက်ဆုံးရလဒ်သက်သက်လား၊ ရလဒ်အတွက် အားထုတ်ရတဲ့ ဖြစ်စဉ်(လုပ်ငန်းစဉ်)ကိုယ်တိုင်မှာရော တရားမျှတမှုဆိုတာ မရှိရတော့ဘူးလား၊ ရှိစရာ မလိုတော့ဘူးလား။ ဒီမေးခွန်းတွေကို မေးမယ့်သူ မရှိတော့ရင် အနာဂတ်မှာ ဘယ်လိုလူ့အဖွဲ့အစည်းမျိုး ပေါ်ထွက်လာနိုင်ပါသလဲ။ ဒီမိုကရေစီဆိုတာကို လူကြိုက်များမယ့် စကားလုံးမို့ ထည့်သုံးပြီး လက်တွေ့မှာ ကျင့်သုံးနိုင်ဖို့ အဆင်မပြေသေးတဲ့ လူ့အဖွဲ့အစည်းအဖြစ် နိုင်ငံတကာက တွေးထင်နိုင်ပါတယ်။”

တော်လှန်ရေးကာလ ကြာရှည်နေတာဟာ လူထုအတွက် အင်မတန် နစ်နာစေတာကို အားလုံး သိကြ ပါတယ်။ ငလျင်ကြောင့် နိုင်ငံတကာက မြန်မာကို ပိုပြီး သတိပြုမိလာကြချိန်မှာ နိုင်ငံရေးအမြတ်ထုတ်ဖို့ စဉ်းစားကြသူတွေ အစုအဖွဲ့တွေ အများကြီးပါပဲ။ တကယ်ရော အမြတ်ရလိုက်ရဲ့လား။ လူထုရဲ့ အကျိုးစီးပွါးကို အခြေမခံရင် ငွေကြေး၊ သိက္ခာ၊ အသိအမှတ်ပြုခံရမှု ဘာဆိုဘာကမှ စစ်မှန်တဲ့ အကျိုးအမြတ် မဖြစ်နိုင်ပါဘူး။

သက်ရှိ’ငလျင်’ကြီးက လျင်တာ လည်တာ ရှိပေမဲ့ ငလျင်ဘေးသင့်ဒေသတွေမှာ စကစတပ်တွေရဲ့ လုပ်ပုံ ကိုင်ပုံ ဆိုးဆိုးရွားရွားတွေကတော့ ကမ္ဘာသိ ရွာသိ ပိုဖြစ်လာတာတော့ ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်တွေထဲမှာ အိမ်နီးချင်းတရုတ်က ‘ငလျင်’ကြီးကို လဲလိုက်ရုံနဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရတာ လွယ်ကူမယ်လို့ တွေးပြီး ခြေလှမ်းတွေ လှမ်းခဲ့ဖူးပါတယ်။ ခုတော့ တရုတ်လူထုကြားမှာ ‘ငလျင့်တပ်သား’တွေရဲ့ အသုံးမကျ ခိုကပ် လူသားမဆန်မှုတွေကို တခုတ်တရ ဝေဖန်‌‌ဩချလာနေကြပါပြီ။ ဒါက အရေးကြီး ပါတယ်။ အစိုးရချင်း သံခင်းတမန်ခင်းတွေမှာ အကျိုးစီးပွါးတွေ ပါချင်တိုင်း ပါကြပေမဲ့ လူထုချင်းကြားက လူသားဆန်တဲ့ စာနာနားလည်မှုကတော့ ရိုးသားဖြူစင်တာ များပါတယ်။ ‘ငလျင်’ကြီးလောက် အာဏာက စွန့်သွားရုံနဲ့ စကစတပ်မတော်ကြီးဟာ နိုင်ငံ့အတွက် အကျိုးပြုနိုင်ဦးမယ်၊ နိုင်ငံ့အရေး စွမ်းဆောင်နိုင်ဦးမယ်လို့ တွေးထင်ချက်ဟာ တက်တက်စင် မှားယွင်းကြောင်း နိုင်ငံတကာလူထုက နားလည်သဘောပေါက်ဖို့ အရေးကြီးပါတယ်။ အဲလိုမှ နားမလည်သေးရင် သူတို့ရဲ့ ဒီမိုကရေစီဗဟုသုတအရ ရွေးကောက်ပွဲဟာ အဖြေလို့ ဆက်လက်ဆုပ်ကိုင်ပြီး ကိုယ့်အပေါ် တိုက်တွန်းနေကြဦးမှာပါ။

ဒီတော့ တော်လှန်ရေးဘက်တော်သားတွေအနေနဲ့ ‘တော်လှန်ရေး’ရဲ့ အနက်အဓိပ္ပါယ် အစစ်အမှန်ကို ကိုယ့်ဘက်တော်သားအချင်းချင်းကြားမှာ ပြန်သုံးသပ်နိုင်အောင် လုပ်ကြပါ၊ ‘တော်လှန်ရေး’ရဲ့ အစစ်အမှန် ပုံရိပ်ကိုသာ နိုင်ငံတကာက သိအောင် သတိပြုမိအောင် အားထုတ်ကြပါ၊’တော်လှန်ရေး’
ရဲ့ပန်းတိုင်အတွက်ချီတက်နေစဉ်ကာလတလျှောက် လူထုရဲ့ အကျိုးစီးပွါးကို ဦးထိပ်ထားကြပါ၊ နိုင်ငံတကာအစိုးရတွေအပြင် နိုင်ငံတကာလူထုကိုပါ ကိုယ့်အပေါ် (ဇွတ်ထောက်ခံအောင်ထက်) စာနာနားလည်သဘောပေါက်လာပြီး ထိရောက်တဲ့ ကူညီမှုတွေ ဖြစ်လာအောင် ဆွဲဆောင်စည်းရုံးကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။ တော်လှန်ရေးစစ်စစ် အောင်ရမည်။ ။

(ဖလမ်းမြို့သိမ်းပြီး​နောက် ​တော်လှန်​ရေးတပ်ဖွဲ့​များ​အောင်ပွဲခံ​နေစဥ်

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီဘီစကွတ်တွေဟာ အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ ပုံမှန်အစားအသောက်တွေကို ချက်ပြုတ်ဖို့နဲ့ ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန်မျိုးမှာ အရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးပါလို့ ကုလသမဂ္ဂရုံးက အသိပေးထားတယ်။

သတင်း

စစ်ကိုင်းငလျင်ကြောင့် အကြီးအကျယ်ပျက်စီးသွားသည့် နေပြည်တော်၏ထိခိုက်ပျက်စီးမှုများကို ဖုံးကွယ်ထားသည့်စစ်ကောင်စီက နေပြည်တော်တည်ဆောက်ရေးတွင်ပါဝင်ခဲ့သည့်ကုမ္ပဏီများကို စည်ပင်သာယာရေးကော်မတီထံ ဆက်သွယ်ရန် ကြေညာချက်ထုတ်ပြန်သည်။

သတင်း

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)ဟာ ငလျင်ဘေးသင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ နောက်ဆက်တွဲ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေ ပေါ်ပေါက်လာနိုင်ခြေကို သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

မတ်လ ၂၈ ရက်နေ့ နေ့လယ်တနာရီဝန်းကျင်။ ရစ်ချ်တာစကေး ၇.၇ အဆင့်ဖြင့် လှုပ်ခတ်လိုက်သော စစ်ကိုင်း ငလျင်ကြီးကြောင့် မန္တလေးမြို့ရှိ တိုက်တာ အဆောက်အအုံများ ဝေါကနဲ ပြိုကျသွားခဲ့သည်။