မေ ၈၊၂၀၂၅။သက်ဝေ/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိခဲ့သည့် စစ်ကောင်စီ၏ တပ်မသားစုဝင်များ ပါဝင်သော သုံ့ပန်း ၁၆၀ ကျော်ကို တိုက်ပွဲ ဖြစ်ပွားရာ မြို့တွင်းမှ မြို့ပြင်နေရာသို့ ခေါ်ထုတ်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့နှင့် KIA သတင်းရင်းမြစ်အချို့က ပြောသည်။
ဧပြီ ၂၅ရက်တွင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် ဗန်းမော်မြို့ရှိ စစ်ကောင်စီ လက်ကျန် တပ်ရင်းနေရာများကို KIA မဟာမိတ် ပူးပေါင်းတပ်က ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၂၉ရက်တွင် တပ်မိသားစုဝင်များ ပါဝင်သည့် သုံ့ပန်းများ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဗန်းမော်မြို့ ညောင်ပင်ရပ်၌ ဧပြီ ၂၉ရက်က လက်နက်ချသည့် စစ်ကောင်စီ၏ တပ်မိသားစုများနှင့် ရဲဘော်၊ ရဲမေ ၁၆၀ ကျော်ကို မြို့ပြင် ခေါ်ထုတ်ပြီးစီးပြီ ဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယနေ့ မေလ ၈ရက်တွင် လူမှုကွန်ရက်၌ ရေးသားခဲ့ပြီး KIAနှင့် ပူးပေါင်းတပ်များ စကခ(၂၁) တပ်တွင်း ဆက်လက်တိုက်ပွဲဝင်နေကြောင်း အသိပေးသည်။

Public Service Announcement
ယင်းဖြစ်စဉ် အတည်ပြနိုင်ကြောင်း အခြား ကချင်သတင်းရင်းမြစ်တဦးနှင့် KIA သတင်းရင်းမြစ်တစ်ဦးတို့က ပြောသည်။
တပ်မိသားစုဝင်များ ပါဝင်သည့် သုံ့ပန်းများ ဖမ်းဆီးနိုင်မှု၊ သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများ ရမရ ၊ လတ်တလော စစ်ရေးအခြေအနေများ နှင့်ပတ်သက်ပြီး မေးမြန်းရန် KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ထားဆဲဖြစ်သည်။
KIA အနေဖြင့် ဗန်းမော်မြို့ရှိ လက်ကျန် တပ်စခန်းများကို အပြင်းအထန် တိုက်ခိုက်နေကြောင်း အသိပေးထားပြီး တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို သတင်းထုတ်ပြန် ပြောဆိုခြင်းမပြုသေးပေ။
ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကမူ ဧပြီ ၂၅မှ ယမန်နေ့ညပိုင်းအထိ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ကူပေး ခုခံခြင်း၊ သံချပ်ကာယာဉ် အသုံးပြုပြီး တန်ပြန်ထိုးစစ်ဆင်ခြင်း ပြုလုပ်နေဟု ပြောသည်။


















































