မေ – ၁၉၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့က ထိုင်း – မြန်မာ နယ်စပ်အနီးမှာရှိတဲ့ မော်ဖိုးခီ့( မော်ဖိုးကေ) စခန်းကို ဒီနေ့ (မေလ ၁၉ ) မှာ KNU တပ်မဟာ (၇) ကစတင်တိုက်ခိုက်နေတယ်လို့ ထိုင်းနယ်စပ်သတင်းတွေအရသိရပါတယ်။
လှိုင်းဘွဲ့မြို့နယ် ၊ ကျော်ကေထရွာနဲ့ မော်ဖိုးကေရွာကြားက စခန်းကို ဒီနေ့ နေ့ခင်းပိုင်း ၁ နာရီခန့်မှာ KNU တပ်ဖွဲ့တွေက ဒရုန်းတွေနဲ့စတင်တိုက်ခိုက်တာပါ။
“(တိုက်ပွဲ)စနေပါပြီ” လို့ ဒေသခံတစ်ဦးကလည်း အသိပေးပါတယ်။

Public Service Announcement
မြန်မာဘက်ခြမ်းက ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေကြားနေရပြီး စစ်ရှောင် ဦးရေ ၁၀၀ကျော် ဟာ ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊ ထာ့ဆောင်ယန်းမြို့နယ် ၊ မယ့်တန်ရွာဆီ လာရောက်ခိုလှုံနေကြတယ်လို့ နယ်စပ်ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
နယ်စပ်နားက မော်ကွီးလူ(မယ်လ) စခန်းကို သိမ်းပြီး ရက်ပိုင်းအကြာမှာပဲ မယ်လရွာ မြောက်ဘက်မှာရှိတဲ့ မော်ဖိုးခီ့ တပ်စခန်းကို သိမ်းယူဖို့ KNU က ထိုးစစ်ဆင်နေတာပါ။
လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့ ၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ်တလျောက်က စစ်ကောင်စီတပ်စခန်းတွေထဲ ပူးလူတူ၊ ခလယ်ဒေး၊ တခေါဘီခီး၊ မော်ဖားသူးစခန်း ၊ တာလယ်ဗျူဟာ နဲ့ မယ်လစခန်းတို့ကို အခုနှစ်အတွင်း KNU တပ်မဟာ (၇) ကသိမ်းယူပြီးဖြစ်ပါတယ်။
လက်ရှိမှာတော့ မော်ဖိုးခီ့(မော်ဖိုးကေ)စခန်း နဲ့ နော်တရာစခန်းတို့ ကျန်ရှိနေပါတယ်။ လက်ကျန်စခန်းတွေကိုလည်း KNU က ဆက်လက်တိုက်ခိုက်ဖို့ ရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ကျန်ရှိတဲ့ တပ်စခန်းတွေ မကျဖို့ မြေပြင်ကနေ စစ်ကူစေလွှတ်နိုင်စွမ်းမရှိတော့ဘဲ လေကြောင်း ပစ်ကူကိုသာအားပြုနေရတယ်လို့လည်းသတင်းရင်းမြစ်က ပြောပါတယ်။
ထိုင်း – မြန်မာနယ်စပ်မှာ နေရာယူ တပ်စွဲထားတဲ့ မဆုတ်တမ်း ခံစစ်စခန်းတွေ ၊ ခြေကုပ်စခန်းတွေ ဆက်တိုက် ဆုံးရှုံးနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ သတင်းအမှောင်ချထားပါတယ်။
နယ်စပ်အနီးဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်မျဉ်းတလျောက် တပ်ဖြန့်ပြီး မြန်မာဘက်ခြမ်းက အခြေအနေတွေကိုအနီးကပ်စောင့်ကြည့်နေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြကြပါတယ်။




















































