Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ကို ထိရောက်တဲ့ အရေးယူမှုမျိုး လုပ်မပြနိုင်ခဲ့ပြန်တဲ့ အာဆီယံ

အာဆီယံ​ခေါင်း​ဆောင်များ စု​ပေါင်းဓါတ်ပုံရိုက်ကူးစဥ်။ဓါတ်ပုံ-SCMP

​မေ-၂၈၊၂၀၂၅။ People’s Spring

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေတွေ၊ ကြမ်းတမ်းခက်ထန်တဲ့ ပဋိပက္ခတွေအတွက် အလေးအနက် စိုးရိမ်ကြောင်း ကြေညာခဲ့ပေမယ့် အာဏာသိမ်းပြီး ၄ နှစ်ကျော် ကြာလာတဲ့ထိ လူထုအပေါ် အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဘယ်လို အရေးယူ တုံ့ပြန်မလဲ ဆိုတာကိုတော့ စုပေါင်း ဆုံးဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

စစ်ကောင်စီဟာ ငလျင်ကြီးအပြီး လူသားချင်းစာနာမှု လုပ်ငန်းတွေ ဆောင်ရွက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့အပစ်အခတ်ရပ်စဲရေးကိုလူကြားကောင်းအောင် ကြေညာထားပေမယ့် လက်တွေ့မှာတော့ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပြီးအရပ်သားပြည်သူတွေရာနဲ့ချီ သေဆုံးနေရပါတယ်။

အခုသီတင်းပတ်ထဲမှာတော့အာဆီယံခေါင်းဆောင်တွေဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်မှာ တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ဆွေးနွေး အဖြေရှာခဲ့ပေမယ့် ထိရောက်တဲ့ ဘာတိုးတက်မှုမျိုးကိုမှ ဆောင်ကြဉ်းမပေးနိုင်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

မေလ ၂၇ ရက် ညပိုင်းမှာတော့ အာဆီယံရဲ့ ပူးတွဲကြေညာချက် တစ်စောင်ကို ထုတ်ပြန်ရာမှာ ၄ နှစ်လုံးလုံး အလုပ်မဖြစ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် ဆွဲကိုင်နေမယ်လို့ ဖော်ပြထားခဲ့တာ တွေ့ရပါတယ်။အဲဒီဘုံသဘောတူညီချက်တွေ ဆိုတာက မြန်မာ့ အကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံက လက်ခံထားတဲ့ လမ်းပြမြေပုံဖြစ်ပြီး အကြမ်းဖက် ရန်လိုမှုတွေရပ်တန့်ဖို့၊ ဆွေးနွေးမှုတွေ စတင်ဖို့ ဆိုတာတွေကို တောင်းဆိုထားတာပါ။ ဒါပေမဲ့ အာဏာသိမ်း စစ်ကောင်စီက လေးစားလိုက်နာမှု မရှိတဲ့အတွက် အဲဒီ ဘုံသဘောတူညီချက်တွေက ရုပ်လုံးမပေါ်လာခဲ့ပါဘူး။ အခုတော့ အာဆီယံက အဲဒီမူတွေကို ဆက်ပြီး ဆုပ်ကိုင်ထားမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

မြန်မာ ပြည်သူတွေအတွက် ကောင်းကျိုးဖြစ်ထွန်းစေမယ့် အဓွန့်ရှည် တည်တံ့မယ့် ငြိမ်းချမ်းရေး အဖြေမျိုးကို မြန်မာကိုယ်တိုင် ဦးဆောင် ညှိနှိုင်းပြီး ရှာဖွေပေးရာမှာ ဘုံသဘောတူညီချက်တွေကို သေချာပေါက် အလေးထား အကောင်အထည် ဖော်သွားသင့်ကြောင်း အာဆီယံက တိုက်တွန်းထားခဲ့ပါတယ်။

အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မလေးရှား အစိုးရရဲ့ ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်က စေ့စပ်ဆွေးနွေးရေး အားထုတ်မှု တစ်ခုအဖြစ် ပြီးခဲ့တဲ့ လကတည်းက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုရော၊ တော်လှန်ရေးဦးဆောင်အစိုးရဖြစ်တဲ့အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာကအသိအမှတ်ပြုမထားတဲ့အာဏာသိမ်းခေါင်းဆောင်နဲ့ တွေ့ဆုံမှုအပေါ် မေးခွန်းထုတ်မှုတွေ ရှိခဲ့ပေမယ့် အာဆီယံ အဖွင့် မိန့်ခွန်းမှာတော့ အန်ဝါက အဲဒီကိစ္စကို ကာကွယ် ပြောဆိုသွားပြီး လိုအပ်တဲ့ စွန့်စားရွေးချယ်မှု တစ်ခုအဖြစ် ရည်ညွှန်းသွားခဲ့ပါတယ်။

သေးငယ်တဲ့ အစပြုမှုမျိုး ဖြစ်ရင်တောင်မှ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းဆီ ဦးတည်နိုင်မယ် ဆိုရင် သေချာပေါက် အားထုတ်ကြည့်သင့်တယ်လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာလည်း အာဆီယံရဲ့ လွှတ်တော်အမတ်တွေရဲ့ လူ့အခွင့်အရေးဆိုင်ရာအစုအဖွဲ့ကမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာဟာ အန်ဝါအနေနဲ့ မလုပ်သင့်တဲ့ ကိစ္စလို့ ဝေဖန်ထားပြီး မြန်မာ ပြည်သူတွေက စစ်ခေါင်းဆောင်ကို သူတို့ရဲ့ အစိုးရအဖြစ် လက်မခံနိုင်တာကို အတိအလင်း ပြသထားကြပြီး ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

ဖိလစ်ပိုင်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့အာလင်းဘရော့ဆက်စ်က အာဆီယံဟာ ပြည်သူတွေနဲ့ ရပ်တည်ရမှာဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ထားတဲ့ အာဏာရှင်တွေနဲ့ တွေ့ဆုံနေရာမှာ မဟုတ်ကြောင်း ဝေဖန်သွားပါတယ်။

စစ်အာဏာရှင်ကို တရားဝင်သလို ဆက်ဆံနေခြင်းဟာ အာဆီယံရဲ့ အခြေခံ စည်းမျဉ်း မူဝါဒတွေကို ချိုးဖောက်ရာ ရောက်နေပြီး စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ ဆန္ဒကိုပါ မျက်ကွယ်ပြုခြင်း ဖြစ်တယ်လို့ သူက ပြောကြားသွားပါတယ်။

ကိုးကား-SCMP

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို