Connect with us

Hi, what are you looking for?

သတင်း

ကနဲလေးတပ်စခန်းသိမ်းပိုက်မှု လက်နက်ကြီးအပါအဝင် လက်နက် ၆၀ကျော်ရဟု KNU သတင်းရင်းမြစ်ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိခဲ့သည့် ကနဲလေး စစ်ကောင်စီတပ်စခန်းမှ ၁၂၀ မမလက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ ၆၀ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ကနဲလေးတပ်စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ − KNU

မေ ၂၉၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိခဲ့သည့် ကနဲလေး စစ်ကောင်စီတပ်စခန်းမှ ၁၂၀ မမလက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ ၆၀ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ကရင်ပြည်နယ် မြ၀တီမြို့တောင်ဘက် မြန်မာ-ထိုင်းနယ်စပ်ရှိ ကနဲလေးစစ်ကောင်စီစခန်းကို KNU ပူးပေါင်းတပ်က မေလ ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော် ထိုင်းဘက်သို့ ထွက်ပြေးသွားသည်။

” သေနတ်ကတော့ သူတို့ပြောတာ အားလုံးပေါင်း ၆၀လောက်ရှိမယ်။ သူတို့ ထားပြီးတော့ ပြေးတဲ့သဘောပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညက သိမ်းပိုက်ရရှိသည့် ကနဲလေး တပ်စခန်းသည် ဒေသတွင်း စခန်းများ၌ အရေးပါသည့် တပ်စခန်းဖြစ်သည်ဟု ပြောသည်။

“ဝေါ်လေ၊ ကနဲလေး အဓိကပေါ့။ အဓိက ကနဲလေးပဲ ။ ကနဲလေးက ၁၂၀ မမ ၂လက် သူတို့ ထားထားတာ။ ကျန်တဲ့ စခန်းတွေကျတော့ ၈၁ လောက်ပဲရှိမယ်ထင်တယ်။ နောက်တဖြည်းဖြည်းတော့ တိုက်ရှင်းလို့ရမယ်ထင်တယ်။ ဒါပေမဲ့ အချိန်တော့ ယူရမှာပေါ့။ ကိုယ့်လူလည်း အထိအခိုက်နည်းအောင်ပေါ့။ သူတို့လည်း လက်နက်ချလား မချလား။ မချလည်း တက်ရှင်းမှာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

KNU တပ်မဟာ(၆)နယ်မြေ မြန်မာ-ထိုင်းနယ်စပ်ရှိ လက်ကျန်တပ်စခန်းများကို KNU ပူးပေါင်းတပ်က အရှိန်မြှင့်တိုက်ခိုက်သိမ်းပိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ မေလ ၂၃ရက်က ဘလယ်ဒို တပ်စခန်းသိမ်းပိုက်ရရှိခဲ့သည်။ ယမန်နေ့ မေလ ၂၈ရက်ကလည်း သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသည့် စစ်ကူ စစ်ကြောင်းကိုလည်း စစ်ကြောင်းတစ်ခုလုံး ပျက်သွားအောင် တိုက်ခိုက်နိုင်ခဲ့သည်။

စခန်းသိမ်းစစ်ဆင်ရေးအတွင်း KNU ပူးပေါင်းတပ်က လက်နက်ခဲယမ်းများစွာသိမ်းပိုက်ရရှိထားသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားလည်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သည်။

” နယ်စပ်လည်းနီးတဲ့အခါကျတော့ ပြေးခွင့်ပေးတာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

တော်လှန်ရေးဘက်က အထိအခိုက်နည်းပါးစေသည့် ဗျူဟာ၊ ဒေသကို ထိန်းချုပ်နိုင်ရေး ဗျူဟာဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဒေသတွင်း ကျန်နေသည့် ဥကရစ်ထ၊ ဝေါ်လေ၊ မော်ခီး၊ သေ့ဘောဘိုးတပ်စခန်းများကိုလည်း တဖြည်းဖြည်းချင်း တိုက်ခိုက်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းမည်ဟု ပြောသည်။

“ကျနော်တို့ ဒီဘက် အာရှလမ်း ကျနော်တို့ ပိတ်ထားတဲ့အခါကျတော့ သူတို့ မြေပြင်စစ်ကူတော့ သူတို့ မလာနိုင်ဘူး။ မလာနိုင်တော့ လေယာဉ်နဲ့ပဲ စစ်ဆင်ရေးလုပ်တာပေါ့။ လေယာဉ်ကျတော့ တကြိမ်တကြိမ်ပဲရမှာပေါ့။ အဲဒီကြားမှာ ကျနော်တို့ လူတွေက တိုက်ပွဲဖော်ဆောင်မှုဘက်မှာ အခြေအနေကောင်းတာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

KNU တပ်မဟာ(၇)နယ်မြေတွင်လည်း သောင်ရင်းမြစ်တလျှောက် မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို ၂၀၂၄ နှစ်ကုန်ပိုင်းမှစ၍ တစ်ခုပြီး တစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နှစ်ဝက်ခန့်အတွင်း စစ်ကောင်စီတပ်စခန်း ၈ခုကို အပြီးသတ်သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း KNUက အသိပေးထားသည်။

ထို့အပြင် တပ်မဟာ(၄)နယ်မြေရှိ ထီးခီးနယ်စပ်စခန်းနှင့် ထီးထစစ်ကောင်စီ ဗျူဟာစခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်က မေလ ၉ရက်နှင့် ဧပြီ ၁၉ရက်တွင် တိုက်ခိုက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။