Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်ရေတက်နှုန်း အနည်းငယ်လျော့သော်‌လည်း ရေဘေးဆက်သတိပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ အတက်နှေးသွားသော်လည်း စိုးရိမ် ရေမှတ်အနီးအထိမြင့်နေ၍ မြစ်အောက်ပိုင်းဒေသများ ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ထားရန် လူမှုကူညီရေးအဖွဲ့များက သတိပေးသည်။

မြစ်ကြီးနားမြို့ မိုးများ၍ ရေကြီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇွန် ၁ရက်၊၂၀၂၅။ ကဖေး/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ အတက်နှေးသွားသော်လည်း စိုးရိမ် ရေမှတ်အနီးအထိမြင့်နေ၍ မြစ်အောက်ပိုင်းဒေသများ ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ထားရန် လူမှုကူညီရေးအဖွဲ့များက သတိပေးသည်။

ယ‌မန်နေ့(မေလ ၃၁ရက်)နေ့လယ်နှင့် ညက ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၌ ရုတ်တရက်မြင့်တက်လာပြီး ညနက်ပိုင်းနှင့် ယနေ့ (ဇွန်လ ၁ရက်) နံနက်အထိ အတက်နှေးသွားခဲ့သည်။ သို့သော် စိုးရိမ်ရေမှတ် ၁၂၀၀စင်တီမီတာ(၃၉ပေခန့်)သို့ရောက်ရန် ၃ပေခန့်သာလိုတော့ပြီး ရေဘေးအတွက် စိုးရိမ်စရာအခြေအနေဖြစ်ကြောင်း မြစ်ကြီးနားမြို့မှ လူမှုကူညီရေးအသင်းတာဝန်ခံတစ်ဦးက ပြောသည်။

၎င်းက “မြစ်ကြီးနားရေအတက်နည်းတယ်။ ဒါပေမယ့် တက်နေဆဲပဲ။ရေဘေးကို ရှောင်နေသူတွေရော ရှောင်ဖို့လုပ်နေသူတွေရော အကုန်အလုပ်များနေတယ်။ မြစ်ကြီးနားကနေ ဆင်းရင် ရွှေကူ၊ ဗန်းမော်အပါအဝင် အလယ်ပိုင်းဒေသတွေအထိ မြစ်ရေတက်လာနိုင်တယ်”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီမြစ်ဖျားပိုင်းဒေသများဖြစ်သည် မေခ၊မလိခမြစ်ဆုံရာဒေသများ၊ ပူတာအိုခရိုင်အတွင်းမြို့နယ်များ၊ တရုတ်နိုင်ငံနှင့် ထိစပ်နေသော ပန်ဝါ၊ဆော့လော်မြို့တို့အပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားသော မြို့နယ်များတွင် မေလ ၂၅ရက်မှ စ၍ မိုးရွာခဲ့ပြီးနောက် ဧရာဝတီမြစ်ရေတိုးလာခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့မှ ကြက်ပေါင်ခြံ ၊ စီတာပူ၊ လယ်ကုန်နှင့်ရမ်ပူရပ်ကွက်အပါအဝင် မြေနိမ့်ပိုင်းနေရာများတွကို ယမန်နေ့ည‌က ရေဝင်လာ၍ ဒေသခံအချို့သည် ညတွင်းချင်းရွှေ့ပြောင်းခဲ့ရသည်။

မြစ်ကြီးနားမြို့တွင် ရေဆင်းလာပါက ဗန်းမော်၊ ရွှေကူ၊ကသာ၊ သပိတ်ကျင်း၊မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ပခုက္ကူ၊ညောင်ဦး၊ချောက်၊မင်းဘူး၊မကွေး၊အောင်လံ၊ပြည်၊ဆိပ်သာ၊ဟင်္သာတ၊ဇလွန်မြို့တို့အပြင် ဆက်စပ်မြို့နယ်အချို့လည်း ရှိနေသည်။

” အဓိကက အလယ်ပိုင်းဒေသတွေအထိ ရေဆင်းနိုင်တယ်။ အောက်ဖက်ဒေသတွေက ရေနည်းလို့ စိတ်ပူစရာမရှိသေးဘူး။ အလယ်ပိုင်းမှာက ငလျင်ဘေးလည်းသင့်ခဲ့တာဆိုတော့ သတိကိုထားရမှာ”ဟု ရာသီဥတုအရေးလေ့လာသူတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်အတွင်း ချီဖွေ၊ ဆော့လော်၊ ပန်ဝါမြို့တို့တွင် ရေကြီးပြီး စစ်ဘေးရှောင်စခန်းများနှင့် နေအိမ်ပျက်စီးမှုများရှိနေသည်။ ပျက်စီးသွားသည့်စစ်ဘေးရှောင်စခန်းများတွင် အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု အရပ်ဖက်အဖွဲ့အစည်းများကပြောသည်။

ကချင်ပြည်နယ်တွင် ယမန်နှစ်က မိုးလယ်ကာလ ဇူလိုင်လမှသာ မိုးကောင်းခြင်းနှင့်အတူ ဧရာဝတီမြစ်ရေတက်ပြီး ရေဘေးကြုံတွေ့ခဲ့သော်လည်း ယခုနှစ်တွင် မိုးဦးကာလမှစတင်ပြီး ရေဘေးကြုံတွေ့နေခြင်းဖြစ်သည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ နာဂဒေသ၌လည်းမေလ ၂၄ရက်မှစ၍ မိုးကောင်းနေပြီး နန်းယွန်း၊ လေရှီး၊ ဆွမ္မရာမြို့တို့တွင် မြေပြိုကာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေပြီဟု ဒေသခံများကပြောသည်။နာဂဒေသ၊ ချင်းပြည်နယ်တို့နှင့်ဆက်စပ်နေသော အိန္ဒိယနိူင်ငံဘက်ခြမ်းတွင်လည်း မိုးများပြီး မြေပြိုမှုဘေး ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

ချင်းတွင်းမြစ်ရေလည်း မြင့်တက်နေပြီး ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတတ်အနီးသို့ရောက်ရှိနေသည်။ယခုရက်ပိုင်းရွာနေသော မိုးသည် မေလ ၂၉ရက်က ဘင်္ဂလားဒေ့ရှ်ကို ဝင်သွားသော မုန်တိုင်းက မြန်မာ-အိန္ဒိယနယ်စပ်အနီးအထိ ကုန်းတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်ဖြတ်နေခြင်းကြောင့်ဟု အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ထားသည်။ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် မေလ ၂ရက်အထိ ပုံမှန်ထက်မိုးကောင်းနိုင်ကြောင်း သတိပေးထားသည်။ မေလကုန်ကာလ ရာသီဥတုအခြေအနေအရ ချင်းပြည်နယ်၊ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင် လျှပ်တပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းများကို အထူးသတိပြုသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတ်ိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေသခံတွေ ရေဘေးကြုံတွေ့နေစဉ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့မှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေကို ငါးနှစ်​ကျော်ကြာကြုံတွေ့ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေရတဲ့ အညာဟာ အခုတခါမှာတော့ ရေဘေးကပါထပ်ဆင့်ရောက်ရှိလာခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး