ဇူလိုင်-၇၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်ဟောင်းမာနယ်ပလောဒေသအား ပြန်လည်ရရှိရေး စစ်ဆင်ရေးအကောင်အထည်ဖော်ခဲ့သည့် တပ်မှူး ၂ဦးကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ခဲ့ကြောင်းKNUဗဟိုကယနေ့သတင်းထုတ်ပြန်သည်။
စစ်တပ် နှစ်(၃၀)ကြာ တပ်စွဲထားသော ဗျူဟာစခန်းအဆင့် ပွိင့်(၉၁၃) တပ်စခန်းကိုပြန်လည်ရရှိရန် စနစ်တကျစီမံ၍ အောင်ပွဲနှင့်အတူ စစ်ဆင်ရေးကို ဦးဆောင်အကောင်အထည် ဖော်ခဲ့ကြသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)စစ်ဌာနချုပ်- ပြောက်ကြားတပ်ဖွဲ တာဝန်ခံ ဒုတိယဗိုလ်မှူးကြီးစောခင်လေး နှင့် KNLAတပ်မဟာ-၇၊ တပ်ရင်း(၂၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောတင်မြင့်ထူး တို့ကို ဇူလိုင် ၅ရက်က ကျရောက်ခဲ့သည့် ကရင်အမျိုးသားတပ်မတော်နေ့ တွင် ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် အား ချီးမြှင့်ဂုဏ်ပြုခဲ့ဟုဖော်ပြထားသည်။
ထို့အတူ မာနယ်ပလောဒေသရရှိရေးစစ်ဆင်ရေးတွင်ရွတ်ရွတ်ချွန်ချွန်တိုက်ပွဲဝင်ခဲ့ကြသော အောင်ပွဲရ စစ်သည်တော်များကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဌာနချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
မာနယ်ပလောဒေသကိုKNUပူးပေါင်းတပ်က ၂၀၂၄ ခုနှစ်ဒီဇင်ဘာလတွင်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။မာနယ်ပလောအပါအဝင်တပ်မဟာ(၇)နယ်မြေရှိ မြန်မာ-ထိုင်းနယ်စပ် စစ်ကောင်စီတပ်စခန်း ၈ခုထက်မနည်းကို KNU ဘက်က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
KNU ဌာနချုပ်မာနယ်ပလောကို၁၉၇၇တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၉၅ဇန်နဝါရီတွင် စစ်တပ်နှင့် KNUမှ ခွဲထွက်သွားသည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA)တို့ ပူးပေါင်း ထိုးစစ်ဆင်လာ၍ ဌာနချုပ်စခန်းကျဆုံးခဲ့ရခြင်းဖြစ်သည်။
“DKBAနဲ့ မြန်မာစစ်တပ် ပြန်ပူးပေါင်းပြီးတိုက်တော့ ကျသွားတာပေါ့။ အခုဆို နှစ်ပေါင်း ၃၀ရှိပြီပေါ့ အဲဒီစခန်းက။ အဲဒီ မာနယ်ပလောက အရင်ကတော့ တပ်ပေါင်းစုတွေ နေခဲ့တာပေါ့ လွတ်မြောက်နယ်မြေဆိုပြီးတော့။ နိုင်ငံရေး အဖွဲ့အစည်းတွေ အဝေးရောက်အစိုးရတို့ ရုံးစိုက်ရာနေရာပေါ့။ “ ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ မာနယ်ပလောကို သိမ်းပိုက်နိုင်ရေး မြန်မာစစ်တပ်က ထိုးစစ်ဆင်ခဲ့သည့် ၁၉၉၁ ကာလတွင် စစ်ကောင်စီတပ်များစွာ အထိနာခဲ့ရဟုKNU ပြောရေးဆိုခွင့်ရှိသူပဒိုစောနေတာနီးက ပြောသည်။
“မာနယ်ပလောကိုတိုက်ယူသိမ်းယူနိုင်ဖို့အတွက်ဆိုရင် အဓိကကာကင်းကြီးဖြစ်တဲ့ ခွေးအိပ်တောင်ဆိုတာ တကယ့်နာမည်ကြီးပဲ။ အဲဒီ ခွေးအိပ်တောင် က ဒီဗမာစစ်တပ်ဘက်ကပြန်ရဖို့အတွက်ဆို အသက်ပေါင်းများစွာ အကုန်ခံပြီး တိုက်ယူရတာပေါ့။ကျနော်တို့ သိရသလောက်ဆို တပ်ရင်းကြီး ၈ ရင်းလောက် အကုန်ခံပြီးမှပဲ ဒီ ခွေးအိပ်တောင် မာနယ်ပလောရဲ့ ကာကင်းကြီးကို ရသွားတာပါ။ အဲဒီတုန်းက ဗိုလ်ချုပ်မောင်လှခေတ်ပေါ့” ဟု ပဒိုစောတောနီးက ပြောသည်။
ထိုစဉ်က တပ်ရင်းများဆိုသည်မှာယခုစစ်ကောင်စီ လက်ထက် အင်အား ၁၀၀ ကျော်သာ ရှိသည့် တပ်ရင်းမျိုး မဟုတ်ဘဲလူအင်အား ဖွဲ့စည်းပုံအပြည့်ရှိသည့် တပ်ရင်းများဖြစ်သည်ဟု ပဒိုစောတောနီးက ပြောသည်။
ကာကင်းစခန်း မကျရေးစစ်တပ်ဘက်က အင်အားထောင်ချီပြုန်းတီးအောင် KNU ကခုခံတိုက်ခိုက်နိုင်သော်လည်း မာနယ်ဌာနချုပ်ကိုမူ အလွယ်တကူပင် လက်လွတ်ခဲ့ရကြောင်း၊ ယင်းမှာ ၁၉၉၄ခုနှစ် ဒီဇင်ဘာတွင်အဖွဲ့အတွင်းပြဿနာ(KNU မှခွဲထွက်ပြီး DKBA ဖွဲ့စည်းမှု)ဖြစ်ပေါ်ခဲ့၍ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ဒါပေမဲ့လို့ မာနယ်ပလော ကြီး တကယ်တန်းကျသွားတဲ့အခါကျတော့လည်း ကျနော်တို့ဘက်က ပြောရမယ်ဆိုရင် ကိုယ့်အချင်းချင်း ဖြစ်တဲ့ပြဿနာပေါ့ နော်။ နှစ်ကို ပြန်ကြည့်လိုက်မယ်ဆို နှစ်ပေါင်း ၃၀ တိတိကို ဖြစ်သွားတာ။ ပြီးခဲ့တဲ့ ၁၉၉၄ ဒီဇင်ဘာမှာ ပြဿနာ စတက်ပြီးတော့ မကြာခင်မှာပဲ ၁၉၉၅ ဇန်နဝါရီ ၂၇ရက်မှာ မာနယ်ပလောက လုံး၀သေနတ်မဖောက်ရဘဲနဲ့ ကျနော်တို့ ဆုတ်ခွာလာရတဲ့ အနေအထားတစ်ခုဖြစ်သွားတယ်။ အဲဒါကိုတော့ ကျနော်တို့အတွက် အများကြီး သင်ခန်းစာရသွားပြီ” ဟု ပဒိုစောတောနီးက ပြောသည်။
ထို့ကြောင့် လက်ရှိတွင် အချင်းချင်း မသင့်မြတ်မှုများ ရှိပါက အလုပ်လုပ်ရ ခက်သည့် အခြေအနေကို သင်ခန်းစာ ယူရာ အချင်းချင်း ပဋိပက္ခ ဖြစ်နေမည့်အစား ရှောင်လွှဲကာ တဆင့်ခြင်းသွားနေသည့် အခြေအနေဟု ရှင်းပြသည်။
မာနယ်ပလောဒေသသည်တချိန်ကKNUနှင့် မဟာမိတ်များ လက်တွဲပြီး စစ်အာဏာရှင် ပြုတ်ကျရေး နည်းမျိုးစုံ ကြိုးစားခဲ့သည့် သမိုင်းဝင်နေရာဖြစ်ပြီး ၁၉၈၈အရေးတော်ပုံကာလ၌လူငယ်ထောင်သောင်းချီ ရောက်ရှိလာသည့် နယ်မြေဖြစ်သည်။
“အဲဒီမှာ ABSDFတို့ လူ့ဘောင်သစ်တို့၊ NLD LAတို့ ၊ NCGUB အမျိုးသားညွှန့်ပေါင်း အစိုးရတို့၊ အမျိုးသား ကောင်စီတို့ ဒီဟာတွေ ဖွဲ့စည်းပြီး လုပ်ဆောင်လာခဲ့တဲ့ဟာတွေက သမိုင်းအဖြစ် ကျန်ခဲ့ရစ်ခဲ့ပြီး ရှေ့ဆက်ရမယ့် ခရီးအတွက် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကိုတော့ကျနော်တို့ အများကြီး သင်ခန်းစာ ရခဲ့ပါတယ်။အခြားတဖက်မှာလည်း လူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း အထူးသဖြင့် NDF အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု DABတို့ အဲဒါတွေကလည်း ကျနော်တို့ KNU ဌာနချုပ်ကြီးတင်မဟုတ်ဘူးအတိုက်အခံအားလုံး အထူးသဖြင့် တော်လှန်ရေးအဖွဲ့အစည်းပေါင်းစုံရဲ့ ဌာနချုပ်အဖြစ် တည်ရှိခဲ့တယ်ဆိုတာကတော့ ကျနော်တို့ သမိုင်းဝင်ဖြစ်သွားတာပေါ့” ဟု ပဒိုစောတောနီးက ပြောကြားသည်။
နှစ် ၃၀အကြာတွင် ပြန်သိမ်းရသည့် မာနယ်ပလောစခန်းသည် တော်လှန်ရေးတပ်ပေါင်းစုများ၏ ဌာနချုပ် အခြေစိုက်ရာ သမိုင်းဝင်ဒေသဖြစ်ပြီး ပိုင်ရှင်အစစ်ထံပြန်ရောက်ခြင်းဖြစ်ဟုKNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပြထားသည်။























































