Connect with us

Hi, what are you looking for?

သတင်း

အလင်းဝင်တပ်သား၏ ချိတ်ဆက်မှုဖြင့် စစ်ကောင်စီတပ်သား ၂ဦး လက်နက်များယူလာပြီး ထပ်မံအလင်းဝင်

အလင်းဝင်လာသူနှင့် ချိတ်ဆက်ပေးသူများကို KNLAက ဆုငွေပေး၊ ထွက်ပြေးတပ်သာ ၂ဦးအား လိုက်ရှာသည့် စစ်ကြောင်းက ပြည်သူတစ်ဦးသတ်ဖြတ်

အလင်းဝင်လာသော တပ်သားနှစ်ဦးအား တပ်မဟာ(၄)က ကြိုဆိုဆုငွေပေးပ်နေစဉ်။ ဓာတ်ပုံ - KNU - Mergui-Tavoy District

ဩဂုတ်-၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တပ်မတော်(K.N.L.A)တပ်မဟာ(၄)ထံ စစ်ကောင်စီတပ်သား ၂ဦး အလင်းဝင်လာပြီး လက်နက်များ ပါလာကြောင်း မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

စစ်‌ကောင်စီ၏ ခလရ(၄၀၃)တပ်ရင်း ဝင်းဝတပ်စခန်းမှ တပ်သား(၂)ဦးသည် ဩဂုတ် ၄ရက်တွင် KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၂)၊ တပ်ခွဲ(၂)ထံသို့ အလင်းဝင်လာခြင်းဖြစ်ပြီး MA-1(၁)လက်၊ MA-2(၁)လက်၊ ကျည်‌ဆံ(၄၀၀)၊ ကျည်ဘောင်(၈)ခု ယူလာဟု အသိပေးသည်။

” ဘက်ပြောင်းခိုလှုံလာတဲ့ ဒီတပ်သား ၂ဦးကို တပ်ရင်း(၁၂) တပ်ရင်းမှူးကနေပြီးတော့ ဂုဏ်ပြု ဆုငွေ ချီးမြှင့်တာရှိတယ်”ဟု KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယခု အလင်းဝင်လာသည့် တပ်သား ၂ဦးသည် ပြီးခဲ့သည့် ရက်ပိုင်းက KNLAထံ အလင်းဝင် ဘက်ပြောင်းခိုလှုံလာသည့် တပ်သား မောင်ကျော်ကျော်၏ ချိတ်ဆက်ကူညီမှုဖြင့် ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်ဟု KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

အလင်းဝင်လာသောတပ်သား(၂)ဦးအား တစ်ဦးလျင် ကျပ်သိန်း ၄၀စီ ပေးအပ်ပြီး ဘက်ပြောင်းလာရေး ကူညီဆက်သွယ်ပေးသည့် တပ်သား မောင်ကျော်ကျော်အား ဆုငွေကျပ်သိန်း ၂၀ ပေးအပ်ခဲ့ဟု ဆိုသည်။

အလင်းဝင်လာသည့် ရဲဘော်များ အခက်အခဲရှိပါက ပြောကြားရန် KNLA တပ်ရင်း(၁၂)၊ တပ်ခွဲ(၂) တပ်ခွဲမှူး ဗိုလ်ကြီးစောဖိုးသောကြာက ပြောသည်။

“ငါတို့နဲ့ နေရင်တော့ မိသားစုစိတ်ဓာတ်ထားရမယ်။ တော်လှန်ရေးကို သစ္စာရှိရမယ်။ ပြည်သူလူထုကိုသစ္စာရှိရမယ်။ ဒီလောက်ပဲ။ ကျန်တာ ဘာမှ မရှိဘူး။ ဒါငါတို့ရဲ့မိသားစုတွေပဲ။ ဒါ မိသားစုပြန်ပြီး ဆုံတွေ့တဲ့နေ့လေးတနေ့ပဲ။”ဟု ဗိုလ်ကြီးစောဖိုးသောကြာက ပြောသည်။

စစ်ကောင်စီတပ်တွင်း ကျန်နေသည့် မိတ်ဆွေများရှိပါကလည်း လက်တွဲခေါ်ဆောင်ရန်နှင့် ထိုသို့လက်တွဲခေါ်ဆောင်ပါကအကျိုးခံစားခွင့်ပေးမည်ဖြစ်ကြောင်း၊ လက်နက်ယူဆောင်လာမှုအပေါ်မူတည်ပြီး ထိုက်သင့်သည့် အကျိုးခံစားခွင့် ရမည်ဟု တပ်ရင်း(၂) တပ်ခွဲမှူးက ပြောသည်။

ယခု ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား နှစ်ဦးနောက်သို့ ဝင်း၀တပ်စခန်းမှ စစ်ကောင်စီတပ်များလည်း လိုက်လံဖမ်းဆီးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ဟု KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပြသည်။

“ညဘက် ၁၀နာရီ ဝန်းကျင်အချိန်မှာ ထွက်ပြေးသွားတဲ့ သူတို့ရဲ့ တပ်သား ၂ဦးကိုလိုက်လံရှာဖွေတဲ့အချိန်မှာ ဒီရွာသားတစ်ဦးကို ပစ်သတ်ခဲ့ပြီးတော့ ကျန်တဲ့ရွာသားတချို့ကို သူတို့ တပ်စခန်းထဲဖမ်းဆီးခေါ်ဆောင်ပြီး ည ၁နာရီ ဝန်းကျင်လောက်မှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရွာသားတွေကို ပြန်လွှတ်ပေးတာ”ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် တပ်မဟာ(၄)နယ်မြေ အပါအဝင် နိုင်ငံတဝန်း၌ အရပ်သားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို