သြဂုတ်-၆၊ ၂၀၂၅။ People’s Spring
မြန်မာစစ်တပ်ဟာ သူ့ရဲ့မောင်းသူမဲ့လေယာဥ်တွေ(UAVs)ကို ကာကွယ်ဖို့ ’anti-jamming’နည်းပညာအပါအဝင် ဥရောပအဆင့်မြင့်နည်းပညာတွေကို ရရှိနေကြောင်း ပဋိပက္ခအတွင်း လက်နက်တပ်ဆင်မှုစောင့်ကြည့်ရေးသုတေသနအဖွဲ့ CAR ထုတ်ပြန်ပါတယ်။
ဥရောပသမဂ္ဂ(EU)က မြန်မာစစ်ကောင်စီကို ပစ်မှတ်ထားပြီး အရေးယူပိတ်ဆို့မှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ထားပေမယ့် စစ်တပ်ကတော့ ဥရောပရဲ့ အဆင့်မြင့်နည်းပညာတွေ ရရှိနေတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ CAR အဖွဲ့က တွေ့ရှိထားကြောင်း ပြီးခဲ့တဲ့ဇူလိုင်လက ထုတ်ပြန်တဲ့ ကွင်းဆင်းလေ့လာမှုအစီရင်ခံစာမှာ ဖော်ပြပါတယ်။ EU ဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းနဲ့ နှစ်မျိုးသုံးပစ္စည်းတွေ တင်ပို့ရောင်းချမှုကို ကာလရှည်ကြာ ပိတ်ဆို့ဒဏ်ခတ်ထားတာပါ။
ဒါပေမဲ့ CAR အဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုအရ တရုတ်-မြန်မာနယ်စပ်ရှိ စီးပွားရေးကုမ္ပဏီတစ်ခုက သူတို့အနေနဲ့ စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်နဲ့ အသုံးပြုမှာမဟုတ်ကြောင်း ခိုင်ခိုင်မာမာကတိပြုခဲ့ပေမယ့် UAV အစိတ်အပိုင်း မော်ဂျူးတွေကို လက်ခံရရှိပြီးနောက် သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ လမ်းကြောင်းပြောင်းပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ ၂၀၂၄ နှောင်းပိုင်းမှာ CAR ရဲ့မြေပြင်ကွင်းဆင်း စုံစမ်းဖော်ထုတ်တဲ့အဖွဲ့ဟာ ကရင်နီဒေသကို သွားရောက်ခဲ့ပြီး ပစ်ချခံရတဲ့ စစ်ကောင်စီရဲ့ UAV တွေဆီကနေ အဆင့်မြင့် လမ်းကြောင်းပြ မော်ဂျူးတွေကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ CAR မှတ်တမ်းတင်နိုင်ခဲ့တဲ့ မော်ဂျူးတွေဟာ အလွန်တိကျတဲ့ ကမ္ဘာလုံးဆိုင်ရာလမ်းကြောင်းပြဂြိုလ်တုစနစ်(GNSS)ဖမ်းယူနိုင်တဲ့ ကိရိယာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ဥရောပရဲ့ အဲဒီအဆင့်မြင့်နည်းပညာပစ္စည်းတွေကို စစ်ရေးမှာ လေကြောင်းတိုက်ခိုက်မှုတွေအတွက် အသုံးပြုနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ချင်းပြည်နယ်မှာလည်း မောင်းသူမဲ့လေယာဥ် UAVတွေမှာ အဲဒီမော်ဂျူး တပ်ဆင်အသုံးပြုနေကြောင်း သက်သေအထောက်အထား ထပ်မံတွေ့ရှိထားတယ်လို့ CAR အဖွဲ့က ဆိုပါတယ်။ စစ်ကောင်စီရဲ့ ဒလက် ၆ခုပါ UAV ၊ ဒလက် ၄ခုပါ UAV တွေဟာ အလယ်အလတ်စက်သေနတ်၊ ပြည်တွင်းထုတ် လေကြောင်းဗုံးသီးတွေအပါအဝင် စစ်လက်နက်ပစ္စည်းမျိုးစုံကို သယ်ဆောင်တိုက်ခိုက်နိုင်စွမ်းရှိအောင် လုပ်ဆောင်ထားတယ်လို့ CAR အဖွဲ့က မှတ်တမ်းတင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်လမှာ ထုတ်လုပ်သူဥရောပကုမ္ပဏီက တရုတ်နိုင်ငံရှိ စိစစ်ထားတဲ့ ဖြန့်ဖြူးသူဆီ မော်ဂျူးသုံးခုကို ပေးပို့ခဲ့တယ်လို့ CAR အဖွဲ့က ထုတ်ပြန်ပါတယ်။ ၂၀၂၃ ဒီဇင်ဘာကနေ ၂၀၂၄ ဖေဖော်ဝါရီအတွင်းမှာ ဖြန့်ဖြူးသူက ပိုမိုကြီးမားတဲ့ တင်ပို့မှု တစိတ်တပိုင်းအဖြစ် မော်ဂျူးတွေကို UAV တွေမှာ ပေါင်းစပ်ထုတ်လုပ်တဲ့ တရုတ်ကုမ္ပဏီတစ်ခုကို ထပ်မံရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတရုတ်ကုမ္ပဏီကနေ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ ရွှေလီရှိ တရုတ်ကုမ္ပဏီတစ်ခုကို မော်ဂျူး ၁၂၀ ကို ထပ်မံရောင်းချခဲ့တယ်လို့ CAR က မှတ်တမ်းတင်ထားပါတယ်။
အဲဒီလို မြန်ဆန်တဲ့လွှဲပြောင်းရောင်းချမှုတွေ ဖြစ်နေတဲ့တချိန်တည်းမှာပဲ စစ်ကောင်စီဟာ သူ့ရဲ့ UAV ဖွံ့ဖြိုးမှုကို အရှိန်မြှင့်တင်ဖို့အတွက် ဦးစီးဌာနတစ်ခုကို တည်ထောင်လိုက်တယ်လို့ CAR အဖွဲ့က ဆိုပါတယ်။
CAR အဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုဟာ ဥရောပသမဂ္ဂက မြန်မာစစ်တပ်ကို အရေးယူပိတ်ဆို့မှုပြုလုပ်ထားပေမယ့် ဥရောပကုမ္ပဏီတွေရဲ့ အဆင့်မြင့်နည်းပညာကို အာဏာသိမ်းစစ်ကောင်စီက ရရှိနိုင်စွမ်းရှိနေတာကို မီးမောင်းထိုးပြတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို မြေပြင်သက်သေနဲ့ စဥ်ဆက်မပြတ်စောင့်ကြည့်ခြင်းဟာ ထိရောက်မှုရှိတဲ့ ပို့ကုန်ထိန်းချုပ်မှုတွေကို အသိပေးနိုင်ဖို့နဲ့ တွန်းအားပေးဖို့ ဖြစ်တယ်လို့ CAR အဖွဲ့က ထုတ်ပြန်ပါတယ်။





















































