ဩဂုတ်-၂၈၊၂၀၂၅။တေဇ/People’s Spring
နိုင်ငံရေးမရ တိမ်းရှောင်လာသည့် မြန်မာနိုင်ငံသားများအား မိခင်နိုင်ငံသို့ အတင်းအဓမ္မပြန်လည်ပို့ဆောင်ခြင်း ရပ်တန့်ရန် အရပ်ဘက်လူ့အဖွဲ့အစည်း ၅၁ဖွဲ့က ထိုင်ဝမ်အစိုးရကို တောင်းဆိုသည့် အိတ်ဖွင့်ပေးစာပို့ထားကြောင်း Blood Money -သွေးစွန်းငွေ က ထုတ်ပြန်သည်။
“မြန်မာပြည်သူများကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို အလေးမထားဘဲ ပြည်တွင်းသို့ အတင်းအဓမ္မပြန်လည်ပို့ဆောင်ရန် ဆောင်ရွက်သည့် မည်သည့်အစိုးရ၏ လုပ်ရပ်မဆိုသည် နိုင်ငံတကာဥပဒေ ချိုးဖောက်မှု မြောက်နိုင်သည်။ ထို့ကြောင့် ထိုင်ဝမ်အစိုးရ၊ အထူးသဖြင့် ထိုင်ဝမ် အမျိုးသားလူဝင်မှုကြီးကြပ်ရေးအေဂျင်စီ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ညှဉ်းပန်းနှိပ်စက်မှုများမှ ထွက်ပြေးတိမ်းရှောင်လာသူများကို အကာအကွယ်ပေးရန် မိမိတို့မှ အလေးအနက်ထား တိုက်တွန်းတောင်းဆိုသည်”ဟု အထက်ပါအဖွဲ့များက တောင်းဆိုထားသည်။
ထို့အပြင် ထိုင်ဝမ်အစိုးရအနေဖြင့် အကာအကွယ်လိုအပ်နေသော မြန်မာပြည်သူများအား တရားဝင်မှတ်ပုံတင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ မိသားစုပြန်လည်ပေါင်းစည်းရေး၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ ယာယီနေရာထိုင်ရာနေရာ၊ အလုပ်လုပ်ကိုင်အခွင့်အလမ်း စသည့် အခွင့်အရေးများ အပါအဝင် အခြေခံလူ့အခွင့်အရေးနှင့် ဝန်ဆောင်မှုများကို တန်းတူရရှိနိုင်ရေး ဆောင်ရွက်ပေးခြင်းအားဖြင့် ထိုင်ဝမ်အစိုးရက လေးစားလိုက်ရန် သဘောတူထားသော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်နှင့် လူမျိုးရေးခွဲခြားဆက်ဆံမှုအားလုံး ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် ပါ ကတိကဝတ်များကို လိုက်နာဖြည့်ဆည်းရန် ယင်းအဖွဲ့များက တောင်းဆိုထားသည်။

Public Service Announcement
“စစ်ရေးအရ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသော စစ်အုပ်စုသည် လူငယ်များကို တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းနေသည့်အပြင် မြန်မာနိုင်ငံသို့ အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခံ ရသူများထဲမှ ရာပေါင်းများစွာသော လူငယ်များကိုလည်း တပ်သားသစ်များအဖြစ် အတင်းအဓမ္မစုဆောင်းကာ ရှေ့တန်းစစ်မြေပြင်တွင် လေ့ကျင့်မှုမရှိသည့် စတေးခံ တပ်သားများအဖြစ် အသုံးပြုလာခဲ့သည်။” ဟု သွေးစွန်းငွေက ထောက်ပြထားသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းခံရပါက စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ၊ နှိက်စက်ခြင်း ၊ သတ်ဖြတ်ခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများခံရနိုင်သောကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူများအတွက် နိုင်ငံတကာမှ အကာအကွယ်ပေးရန်လိုအပ်ချက် နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးက ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ လမ်းညွှန်မှတ်စုထဲတွင် အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခြင်းမပြုရေး (non-refoulement)ကို အနိမ့်ဆုံးအဆင့် ဆောင်ရွက်ရမည့်တာဝန်အဖြစ် လမ်းညွှန်ချက်ပေးထားသည့်ဖြစ်ရာ ထိုလမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ထိုင်ဝမ်အစိုးရကို တိုက်တွန်းထားသည်။
ယင်း အိတ်ဖွင့်ပေးစားကို ရေးသားနေချိန်၌ စစ်ကောင်စီကတရားလက်လွတ် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ကျော်ရှိပြီး ညှဉ်းပမ်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း၊ အစာအငတ်ထားခြင်း၊ ဆေးဝါးကုသခွင့်ပိတ်ပင်ခြင်းများ ပြုလုပ်လာခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြားရှိခဲ့သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (Human Rights Council)၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar)က ထုတ်ပြန်ထားသည်ဟု ဆိုသည်။
နိုင်ငံရေးအရ တိမ်းရှောင်းနေကြနေကြသော မြန်မာနိုင်ငံသားများအား မလေးရှားနှင့် ထိုင်းနိုင်ငံအစိုးရတို့ကလည်း နေရပ်ပြန်ပို့ပြီး စစ်ကောင်စီလက်အပ်နှံ့သည့် ဖြစ်စဉ်များ ရှိနေသည်။မလေးရှားနှင့် ထိုင်းနိုင်ငံအစိုးရတို့က အကြောင်းအမျိုးမျိုးကြောင့် ဖမ်းမိပြီး ပြစ်ဒဏ်ကျခံပြီးသော မြန်မာများအား စစ်ကောင်စီထံ လွှဲပြောင်းပေးနေသည်။
စစ်ကောင်စီသည် အာဏာသိမ်းထားသည့် လေးနှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူများနှင့် ပြည်သူပိုင် အဆောက်အုံများကို ပစ်မှတ်ထားလုပ်ဆောင်သည့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၅,၀၀၀ကျော် ပြုလုပ်ခဲ့ပြီး ဇူလိုင် ၃၁ရက်က နိုင်ငံတော်အရေးပေါ်အခြေအနေ ဖျက်သိမ်းကြောင်း ကြေညာခဲ့ကာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်နီ (ကယား) ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သော ရာဇဝတ်မှုမြောက်သည့် ကြီးမားလှသော ရက်စက်ကြမ်းကြုတ်မှုများကို ပြစ်ဒဏ်ပေးအရေးယူခံရခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု ထောက်ပြထားသည်။
ထို့အပြင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေရပ်စွန့်ခွာထွက်ပြေးသူ ၃.၆သန်းကျော်ရှ်ိကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။


















































