အောက်တိုဘာ-၁၄၊၂၀၂၅။People’s Spring
ထိုင်ဝမ်မှာဖြန့်ကျက်ဖို့စီစဉ်နေတဲ့T-Dome လေကြောင်းကာကွယ်ရေးစနစ်ဟာရန်သူပစ်မှတ်တွေကို ပိုပြီးထိထိရောက်ရောက်ချေမှုန်းနိုင်မှာဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။
အောက်တိုဘာ၁၃ရက်နေ့ကထိုင်ဝမ်အစိုးရ ဘတ်ဂျတ် အစီအမံသစ်အတွက် ကာကွယ်ရေး စရိတ်တွေနဲ့ ပတ်သက်ပြီးလွှတ်တော်မှာရှင်းလင်းတင်ပြချိန်မှာ ဝန်ကြီး ဝယ်လင်တန်ကူးက အဲဒီလို မှတ်ချက်ပေးခဲ့တာပါ။သူကသမ္မတလိုင်ချင်တေးအဆိုပြုထားတဲ့ T-Dome လေကြောင်းကာကွယ်ရေးစနစ် ဖြန့်ကျက်ထူထောင်ရေးဟာထိုင်ဝမ်ရဲ့ လုံခြုံရေးအတွက် အမှန်တကယ် လိုအပ်တယ်လို့လည်း လွှတ်တော် အမတ်တွေကို ရှင်းပြခဲ့ပါတယ်။
T-Dome ရဲ့ အဓိကအားသာချက်ကရန်သူပစ်မှတ်တွေကို အမြန်ဆုံး အာရုံခံ ထောက်လှမ်းပြီး ပစ်ချနိုင်ခြင်းဖြစ်တယ်လို့ ကူးက ဆိုပါတယ်။ ရှိရင်းစွဲ လေကြောင်းကာကွယ်ရေး စွမ်းရည်မှာဒီစနစ်ကို အောင်အောင်မြင်မြင်သွတ်သွင်းနိုင်မယ်ဆိုရင်ရန်သူ့ ခြိမ်းခြောက်မှုတွေကို ကြားဖြတ်ဟန့်တားနိုင်စွမ်းမှာအများကြီးပိုထိရောက်သွားမှာ ဖြစ်ကြောင်း၊နောက်ပြီး နိုင်ငံရဲ့ကာကွယ်ရေး အရင်းအမြစ်တွေကို ပိုပြီး စနစ်တကျ စီမံခန့်ခွဲနိုင်မယ့် အထောက်အကူမျိုးလည်း ရလာနိုင်ကြောင်း ကူးက ပြောပါတယ်။

Public Service Announcement
တရုတ်ရဲ့ အချိန်ပြည့် ခြိမ်းခြောက်မှုကို ကြုံနေရတဲ့ ကျွန်းနိုင်ငံလေးဟာကာကွယ်ရေးစွမ်းရည်နဲ့ နည်းပညာတွေအဆင့်မြှင့်တင်နိုင်ရေးကို အပတ်တကုတ် ကြိုးစားနေပြီး T-Domeဟာအဲဒီ ရည်မှန်းချက်အတွက် အကိုက်ညီဆုံး အားဖြည့်မှု ဖြစ်လာမယ်လို့ ကူးက ထောက်ခံခဲ့ပါတယ်။
T-Domeရဲ့ အဓိက ဝိသေသကတော့ sensor-to-shooterဆိုတဲ့ နည်းလမ်းဖြစ်ပြီး အမေရိကန် စစ်တပ်ကလည်း အဲဒီ နည်းပညာကို အာရုံစိုက် မြှင့်တင်နေပါတယ်။ ရည်ရွယ်ချက်ကတော့ ကျယ်ပြန့်စုံလင်တဲ့ ကာကွယ်ရေး စနစ်တွေရဲ့ အာရုံခံ စနစ်တွေနဲ့ ကြားဖြတ်ပစ်ချနိုင်မှု စွမ်းရည်တွေကို စနစ်တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး ရန်သူ့ ခြိမ်းခြောက်မှုတွေ ကြုံလာတဲ့အခါ အမြန်ဆုံးနဲ့ အထိရောက်ဆုံးတုံ့ပြန်နိုင်ဖို့ဖြစ်ပါတယ်။
ထိုင်ဝမ်ဟာ ဒုံးခွင်းဒုံး၊ ဒရုန်းဖျက် စွမ်းရည်တွေကို မမြှင့်တင်နိုင်ဘူးဆိုရင် ထိရောက်တဲ့ ကြားဖြတ် ဟန့်တားနိုင်စွမ်းလည်း ရှိလာမှာ မဟုတ်ကြောင်း၊ ကာကွယ်ရေး စနစ်သစ်တွေ ဝယ်ယူ ဖြည့်တင်းရာမှာလည်း ထိုင်ဝမ်ဟာ ရွေ့လျားနိုင်စွမ်းနဲ့ စစ်ပွဲမှာ ရှင်သန်နိုင်စွမ်း မြင့်မားတဲ့ အချက်တွေကို အထူးဦးစားပေးစဉ်းစားမှာဖြစ်ကြောင်းကူးကလွှတ်တော် အစီရင်ခံမှုအပြီးသတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာပြောကြားသွားပါတယ်။
ထိုင်ဝမ်ဟာကြုံလာနိုင်တဲ့စစ်ပွဲအတွက်ပြင်ဆင်ရာမှာသမားရိုးကျနည်းလမ်းတွေနဲ့ ချဉ်းကပ်လို့ မရဘဲလမ်းသစ်တွေဖောက်ရမှာဖြစ်ကြောင်း၊ T-Dome ဟာ အဲဒီရည်ရွယ်ချက်အတွက်အထူးကိုက်ညီကြောင်းလည်း သူက ဆိုပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကို နိုင်ငံရဲ့ ပိုင်နက် အစိတ်အပိုင်းတစ်ခုအဖြစ်သတ်မှတ်ထားပေမယ့်သမ္မတလိုင်ကတော့ငြင်းဆိုပြီးထိုင်ဝမ်ဟာအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ရပ်တည်ဖို့ကိုသာ လိုလားကြောင်း ပြောဆိုထားပါတယ်။ ပြီးတော့ ၂၀၃၀ ပြည့်နှစ်မှာ ထိုင်ဝမ်ရဲ့ကာကွယ်ရေး အသုံးစရိတ်ကိုနိုင်ငံGDPရဲ့ ၅ ရာခိုင်နှုန်းထိ မြှင့်တင်ဖို့လည်းလျာထားကြောင်းလိုင်ကပြောကြားထားပါတယ်။
ကိုးကား- Reuters
















































