စက်တင်ဘာ-၁၅၊၂၀၂၅။လူအေး/People’s Spring
နတ်ရေကန်ဗျုဟာနှင့် အမ်း-ပဒါန်းလမ်းအပါအဝင်ရခိုင် နှင့် ဆက်စပ်နေသော ဧရာဝတီ၊ မကွေး၊ ပဲခူးနယ်စပ်ဒေသများရှိ စစ်မြေပြင်သို့ စစ်ကောင်စီက ပို့လိုက်သည့် အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( စကခ-၁၇)လက်အောက်ခံတပ်ရင်းများအထိနာနေပြီး ထိခိုက်သေဆုံးမှုများနေသလို စစ်သုံ့ပန်းများကို အာရက္ခတပ်တော်(AA)နှင့် ပူး ပေါင်းတပ်များက ဖမ်းမိထားသည်။
ရှမ်းပြည်တောင်ပိုင်း မိုင်းပန်အခြေစိုက် စကခ(၁၇)လက်အောက်ခံတပ်ရင်းများ ဖြစ်ကြသော ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းများကို စစ်ကောင်စီက ပို့ဆောင်ထားခြင်းဖြစ်ပြီး တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။
“ရှမ်းအရှေ့ကနေ အသစ်ရောက်လာ။ စကခ၁၇ စစ်ကြောင်းတွေက။ တိုက်ပွဲတွေလည်းပြင်းထန်နေပြီး သူတို့ ပြန်ဆုတ်နေတယ်။ သုံ့ပန်းတွေလဲမိထားတယ်”ဟုတိုက်ပွဲများဖြစ်ပွားနေသောရခိုင်-မကွေးနယ်စပ်ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
စစ်ကောင်စီသည် အထက်ပါစကခ-၁၇ လက်အောက်ခံတပ်ရင်းများအပြင်စစ်မှုမထမ်းမနေရဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မစစ်သားစုဆောင်းထားသူများကိုပို့ဆောင်၍ ရခိုင်ပြည်နယ်နှင့်နယ်စပ်ဒေသများဖြစ်သည့် ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့်ပဲခူးတိုင်းအစပ်များကို ထိုးစစ်ဆင်နေသည်ဟု AA က စက်တင်ဘာလ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်၌ စက်တင်ဘာ ၄ ရက်နှင့် စက်တင်ဘာ ၇ရက်က ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်၌ ၇၀ဦးထက်မနည်းသေဆုံးခဲ့သာ်ဟု AAက ထုတ်ပြန်ထားသည်။စကခ(၁၇) လက်အောက်ခံ ခလရ (၂၉၅) တပ်ရင်းနှင့်အတူ ဒုတိယဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်လာသည့် စစ်ကြောင်းနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဟု AA ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်တပ်က AA သိမ်းပိုက်ထားသောနေရာကို ၃ ကြိမ်တိုင်ထိုးစစ်ဆင်ဖို့ကြိုးစားပြီး သုံးကြိမ်စလုံး တပ်လန်ခဲ့ကြောင်းသိရသည်။
သေဆုံးမှုများပြားသည့်အပြင်စစ်သုံ့ပန်း ၂၀ ဦးထက်မနည်းဖမ်းမိထားကြောင်းလည်းစုံစမ်းသိရသည်။
“တပ်ရင်းကကောင်တွေကတော့အဖမ်းမခံဘူး။ အခု ဖမ်းမိထားတာ စစ်မှုထမ်းသင်တန်းဆင်းတွေဖြစ်တယ်။သူတို့ လွတ်ရာလွတ်ကြောင်း ပြေးတာတွေလည်း ရှိတယ်။ ပြေးရင်တော့လည်း ကျတော်တို့ ဟပေး(မဖမ်းဘဲ လွှတ်ပေးခြင်း) လိုက်တာရှိပါတယ်”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
AAထိုးစစ်ဆင် နေသည့် နတ်ရေကန်ဗျုဟာနှင့် အမ်း-ပဒါန်းလမ်းစစ်ရေးနယ်မြေကို မူလကတပ်မ(၉၉) လက်အောက်ခံတပ်ရင်းများပို့၍ စစ်ကောင်စီကအခုခံခဲ့သော်လည်း အရေးနိမ့်နေ၍ စကခ(၁၇)ကို ထပ်မံပို့ဆောင်ခဲ့ခြင်းဟု စစ်ရေးလေ့လာသူတစ်ဦးကပြောသည်။
ခုခံစစ်တိုက်ပွဲများတွင်အထိနာပြီးနောက် တပ်မ(၉၉) တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ကို စစ်ကောင်စီက ပြီးခဲ့သည့်မေလတွင်ဖမ်းဆီးလိုက်သည်။ ပြီးခဲ့သည်ဖေဖော်ဝါရီလကတိုက်ပွဲများအတွင်း တပ်မ (၉၉) လက်အောက်ခံ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့ကယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် နှင့် ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးအပြင် စစ်သုံ့ပန်းအများအပြားကို AAက ဖမ်းဆီးခဲ့သည်။
စက်တင်ဘာလတွင်တပ်မ (၉၉) လက်အောက်ခံတပ်ရင်းအချို့ ပြန်ဆုတ်ခွာသွားပြီးစကခ-၁၇ လက်အောက်ခံတပ်ရင်းများဝင်ရောက်လာခြင်းဖြစ်သည်။
စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များအနေဖြင့် စောစီးစွာ အလံဖြူထောင်၊ လက်နက်ချအညံ့ခံလျှင် အသက်ချမ်းသာရာ ရမည်ဖြစ်သောကြောင့် ရှေ့တန်း၌ မည်သည့်နေရာတွင်မဆို လက်နက်ချ၊ အညံ့ခံလိုပါက အချိန်မရွေး လာရောက်နိုင်ကြောင်း AAက အသိပေးထားသည်။ လက်နက်ချ၊ အညံ့ခံ၊ အလံဖြူထောင်သောသူတိုင်းအား ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီး မိသားစုဆီသို့ ပို့ဆောင်ပေး၍လည်းကောင်း၊ မိမိတို့အဖွဲ့အစည်းထံတွင် တာဝန်ထမ်းဆောင်လိုပါက ထမ်းဆောင်၍လည်းကောင်း၊ကာယကံရှင်၏ ဆန္ဒကို လိုက်လျော၍လည်းကောင်း အကောင်းဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်များသည်နတ်ရေကန်ဗျုဟာနှင့် အမ်း-ပဒါန်းလမ်းအပြင် ဧရာဝတီတိုင်း-ရခိုင်ပြည်နယ်အစပ်စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်နေရာများ၊ပဲခူးတိုင်း-ရခိုင်ပြည်နယ်အအစပ်၊ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်နေရာများ၌တိုက်ပွဲများ ဆက်ဖြစ်ကြောင်း သတင်းရရှိသည်။


















































