စက်တင်ဘာ-၁၅၊၂၀၂၅။People’s Spring
ထိုင်းမှာဘဏ်ငွေစာရင်းအကောင့်တွေ ပိတ်ပင်ခံရမှုတွေအတွက် မကျေမနပ် စောဒကတက်မှုတွေ များလာနေတာကြောင့် အရေးပေါ် ကိုင်တွယ် တုံ့ပြန် ဖြေရှင်းပေးဖို့ သီးသန့် ယူနစ်တစ်ခုကို ဖွဲ့စည်းထားလိုက်ကြောင်းဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းရေးရာဝန်ကြီးဌာန (DES)က ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းမှာ အွန်လိုင်းကနေကုန်ပစ္စည်း ရောင်းချသူတွေ၊ သာမန် ပြည်သူတွေ အများအပြားက သူတို့ရဲ့ ဘဏ်စာရင်းတွေ ရုတ်တရက်အပိတ်ခံရပြီးအွန်လိုင်းကနေ ငွေကြေး လွှဲပြောင်းမှုတွေ လုပ်လို့ မရတော့ကြောင်းတိုင်ကြားမှုတွေများလာတဲ့နောက် DESက အခုလိုတုံ့ပြန်လာတာဖြစ်ပါတယ်။
ထိုင်းမှာတော့ ဒုစရိုက် လုပ်ငန်းတွေ၊ ငွေကြေးခဝါချမှုတွေနဲ့ တခြား မသမာတဲ့ ကိစ္စတွေနဲ့ ဆက်စပ် အသုံးပြုနေတယ်လို့ ယူဆရတဲ့ ဘဏ်အကောင့်တွေကို mule accountတွေလို့ ခေါ်ဝေါ်ပါတယ်။ အထူးသဖြင့် အွန်လိုင်းကနေ ငွေလိမ်တဲ့ ကျားဖြန့် ဂိုဏ်းတွေက အဲဒီလို ငွေစာရင်း အကောင့်တွေကို အသုံးပြုနေတာကြောင့် ဘဏ်တွေက အဲဒီ အကောင့်လို့ မသင်္ကာတဲ့ ငွေစာရင်းတွေကို ပိတ်နေတာ ဖြစ်ပါတယ်။

Public Service Announcement
အဲဒီလိုအကောင့်တွေကိုအကောင့်ပိုင်ရှင်တွေ ကိုယ်တိုင်တောင် မသိဘဲ ကျားဖြန့်ဂိုဏ်းတွေက ငွေကြေး အထုတ်အသွင်းလုပ်ဖို့ တစ်ဆင့်ခံ အသုံးပြုနေလေ့ ရှိတယ်လို့ DESက ဆိုပါတယ်။
DES ရဲ့ ယာယီ ဝန်ကြီး ဝီဆစ် ဝီဆစ်ဆိုရာအတ်က ဘဏ်အကောင့်တွေပိတ်ခံရတယ်ဆိုတာဟာ ယာယီသာဖြစ်ပြီး စိစစ်မှုတွေ အပြီးမှာ ပြန်ဖွင့်ပေးမှာ ဖြစ်ကြောင်း၊ ဘဏ်တွေက ဖောက်သည်တွေရဲ့ ငွေစာရင်းကို အပြီးပိတ်ဖို့ တရားဝင် ခွင့်ပြုချက် မရှိကြောင်း ဆိုပါတယ်။
နောက်ပြီး မသင်္ကာစရာ အလွှဲအပြောင်းတွေ လုပ်ထားတဲ့ ငွေပမာဏထက် ပိုတဲ့ ငွေကို ဆက်လက် သုံးစွဲလို့ ရနေဦးမှာ ဖြစ်ကြောင်း၊ စစ်ဆေးမှုတွေအရ ဘာအမှားမှ ကျူးလွန်မထားတာ သေချာပြီဆိုရင် ဘဏ်အကောင့်ကို အမြန်ဆုံး ပြန်သုံးနိုင်မှာဖြစ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။
ဥပဒေအရဘဏ်တွေဟာဖောက်သည်တစ်ယောက်ရဲ့ ငွေစာရင်းကို ၃ ရက်ထိ ယာယီ ပိတ်ထားခွင့်ရှိပြီး ရဲတပ်ဖွဲ့က တောင်းဆိုရင် ၇ ရက်ထိ ပိတ်ထားခွင့် ရှိတယ်လို့ သိရပါတယ်။ မသမာမှုနဲ့ ပတ်သက်တာ ဘာအထောက်အထားမှ ရှာမတွေ့ရင် အဲဒီငွေ အားလုံးကို ပိုင်ရှင်က ပြန်ရမှာပါ။ ဒါပေမဲ့ တချို့ ဘဏ်အကောင့် ပိုင်ရှင်တွေက ယာယီ ထိန်းသိမ်းခံရတဲ့ အတောအတွင်း ငွေစာရင်းထဲမှာ ငွေလျော့တာတွေ ဖြစ်သွားတယ်လို့ စောဒက တက်ထားကြပါတယ်။
ငွေစာရင်း တစ်ခုကို ဘဏ်က အပြီးပိတ်ထားဖို့ ဆိုရင်တော့အဲဒီအကောင့်ဟာရာဇဝတ်မှုတွေနဲ့ ဆက်စပ်နေကြောင်းရဲတွေကသီးခြားသက်သေ အထောက်အထားတွေ တင်ပြပြီး တရားရုံးကလည်း ပိတ်ခွင့်ပြုဖို့ လိုပါတယ်။
DES က အသစ်ဖွဲ့စည်းမယ့် ယူနစ်မှာတော့ DES၊ ထိုင်းဗဟိုဘဏ်၊ ထိုင်းဘဏ်များ အဖွဲ့ချုပ်၊ ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဗျူရို (CCIB)၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးတို့ ပူးပေါင်း ပါဝင်ကြမယ်လို့ ဆိုပါတယ်။ အဲဒီယူနစ်ဟာ ဘဏ်အကောင့်အပိတ်ခံရလို့မကျေနပ်ဘဲစောဒက တက်လာတဲ့ ကိစ္စတစ်ခုချင်းစီကို အမြန်ဆုံး ပြေလည်အောင် ကိုင်တွယ် ဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ စစ်ဆေးမယ့် ကိစ္စတွေမှာတော့ ငွေကြေး လွှဲပြောင်းမှုတွေ၊ အဲဒီလို လွှဲပြောင်းမှုတွေ လုပ်လေ့လုပ်ထရှိတဲ့ ပုံစံတွေ၊ တခြား မသင်္ကာစရာ အခြေအနေတွေကို ဆန်းစစ်မှာပါ။အားလုံး ကင်းရှင်းတယ်ဆိုရင် မိနစ်ပိုင်းအတွင်း အကောင့်ပြန်ဖွင့်ပေးစေမယ်လို့ ဝီဆစ်က ကတိပြုခဲ့ပါတယ်။
CCIBရဲ့ ကော်မရှင်နာ ဒုတိယ ရဲချုပ် ထရိုင်ရောင် ဖီပန်က ငွေလိမ်ဂိုဏ်းတွေဟာ အခုဆိုရင် ငွေကြေး လွှဲပြောင်းမှုတွေကို ခြေရာခံရ ခက်စေဖို့အတွက် အွန်လိုင်းကနေ စျေးဝယ်ပြီး အဲဒီပစ္စည်းတွေကို တဆင့်ပြန်ရောင်းတာမျိုး လှည့်စားထားတဲ့ နည်းတွေကိုပါသုံးစွဲလာနေတယ်လို့ပြောပါတယ်။ အကျိုး
ဆက်အဖြစ် အွန်လိုင်းကနေ စျေးရောင်းသူတွေဟာ ကျားဖြန့်သမားတွေရဲ့ လှည့်ကွက်မှန်း မသိဘဲ အသုံးချ ခံခဲ့ရပါတယ်။
တစ်ကြိမ်မှာဆိုရင် ကျားဖြန့်သမားတွေက ကလေးစုငွေ အကောင့်တစ်ခုထဲ ဘတ် ၁၀၀,၀၀၀ ငွေထည့်ပြီးမှ ပြန်ထုတ်ယူသွားခဲ့ပြီး အဲဒီငွေစာရင်းကတော့ ပိတ်ပင်တာ ခံခဲ့ရပါတယ်။
ဝီဆစ်ကတော့ အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်ဟာ အပြစ်မဲ့ ပြည်သူတွေရဲ့ငွေကြေးတွေကို လေလွင့် ဆုံးရှုံးမှု မရှိဘဲ ပြန်ပေးနိုင်ဖို့နဲ့ တကယ့် ရာဇဝတ်သားတွေကို ဖမ်းဆီးနိုင်အောင် အာဏာပိုင်တွေကို အကူအညီပေးဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ယာယီ အပိတ်ခံရတဲ့ ဘဏ်အကောင့် ပိုင်ရှင်တွေဟာလည်း အကောင့်တွေ ပြန်သုံးလို့ ရတာနဲ့ ရဲတွေဆီက ဆက်သွယ် အကြောင်းကြားမှုကို ရရှိစေမယ်လို့ သူက အာမခံသွားပါတယ်။
ကိုးကား-Bangkok Post


















































