စက်တင်ဘာ-၁၉၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကို တပ်သားနဲ့ ရိက္ခာအများအပြားဖြည့်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီကနေ့(စက်တင်ဘာ ၁၉ရက်)အထိ နှစ်ရက်အတွင်း စစ်တပ်သုံးကား အစီး ၅၀ကျော်နဲ့ လွိုင်ကော်မြို့နယ်ကနေ ဖြည့်တင်းနေတာလို့ ဆိုပါတယ်။
“ကရင်နီက အပေါက်တွေ အကုန်စစ်ကြောင်းထိုးဖို့များတယ်”လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

Public Service Announcement
ဖယ်ခုံမြို့နယ်ကတဆင့် ဒီးမော့ဆိုမြို့နယ်ကို ချိတ်ဆက်ထားတဲ့ ဆီဘူး-ဒီးမော့ဆိုလမ်းပိုင်းမှာလည်း စစ်ရေးအရဂရုစိုက်နေရတဲ့ အခြေအနေရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီးမော့ဆိုမြို့ပေါ်ကိုသာ ထိန်းချုပ်နိုင်သေးတဲ့ စစ်ကောင်စီတပ်က မြို့နယ်တခုလုံးကို စစ်ရေးအရ ဖြန့်ကျက်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။
“ဒီးမော့ဆိုမြို့ကနေ ဖရူဆိုဘက်ကို ဆင်းနေသလို ဒီးမော့ဆို-မိုးဗြဲ လမ်းပိုင်းဖြစ်တဲ့ အပေါ်ဘက်ကိုပါ စစ်ကြောင်းတွေရွေ့နေတယ်။တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ခြုံပြောရရင် ဒီးမော့ဆိုနဲ့ပတ်သက်သမျှ အရေးကြီးလမ်းပိုင်းတွေအကုန်ယူမယ်။တဆက်တည်းမှာပဲ ဘောလခဲကိုလည်း စစ်အင်အားရအောင်ပို့လိမ့်မယ်”လို့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ထိုးစစ်ကိုခုခံမှုမှာ ကရင်နီပူးပေါင်းတပ်ဘက်ကရဲဘော်အချို့ကျဆုံးထိခိုက်တာရှိသလို စစ်ကောင်စီတပ်လည်း အထိနာနေတယ်လို့ သူက ဆိုပါတယ်။
“ဒီးမော့ဆို-ဖရူဆိုကနေပြီး ဘောလခဲရောက်အောင်ထိ စစ်ဆင်ရေး တွေက ကျွန်တော်တို့ဆီမှာနေ့တိုင်းရှိနေတယ်။လေ ကြောင်းကနေ ဗုံးကြဲတာတွေ၊မြေပြင်တိုက်ပွဲတွေ ဖြစ်နေတယ်”လို့ ကရင်နီပြည်အတိုင် ပင်ခံကောင်စီ (KSCC) KSCC ဥက္ကဌ ဦးအောင်ဆန်းမြင့်က စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်က မယ်စဲ့၊ဖားဆောင်းနဲ့ ရှားတောမြို့နယ်ကလွဲလို့ ကျန်မြို့နယ်တွေမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားပါတယ်။


















































