Connect with us

Hi, what are you looking for?

သတင်း

ပြည်သူတရပ်လုံး စစ်ကောင်စီရွေးကောက်ပွဲ အစွမ်းရှိသမျှဆန့်ကျင်ကြရန် KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ တိုက်တွန်း

အာဏာသိမ်း စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက်ဖြစ်၍ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အကျိုးဆက်ကိုတွက်ကာ ပြည်သူတရပ်လုံးက နည်းမျိုးစုံဖြင့် ဆန့်ကျင်ကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောလစ္စတန်က တိုက်တွန်းပြောကြားသည်။

KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောလစ္စတန်အား တွေ့ရစဉ်။ ဓာတ်ပုံ − KNU

စက်တင်ဘာ−၂၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်း စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက်ဖြစ်၍ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အကျိုးဆက်ကိုတွက်ကာ ပြည်သူတရပ်လုံးက နည်းမျိုးစုံဖြင့် ဆန့်ကျင်ကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောလစ္စတန်က တိုက်တွန်းပြောကြားသည်။

စစ်ကောင်စီ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး KNU တပ်မဟာ(၆) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောလစ္စတန်၏ သဘောထား ပြောကြားမှုကို KNU ဗဟိုက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ သူတို့ သက်ဆိုးရှည်ရေးပေါ့။ သူတို့ဆိုတာက ဒီ စစ်ကော်မရှင် စစ်အာဏာရှင်တွေရဲ့ သက်ဆိုးရှည်ရေးနဲ့ ရှေ့ဆက်ပြီးတော့ နိုင်ငံတော် ခြယ်လှယ်မယ့် တရားဝင် ဖြစ်ရေးပေါ့။သူတို့အတွက်ထွက်ပေါက်။ တဖက်က ထွက်ပေါက်ဖြစ်သလို တဖက်ကလည်း ပြည်သူလူထုအတွက် ထောင်ခြောက်ပေါ့။ ကျနော်တို့ တော်လှန်ရေးရေးဘက်က ကြည့်ရင်လည်း ထောင်ခြောက်အနေနဲ့ပေါ့။ သူ့ရဲ့ ထွက်ပေါက်အနေနဲ့ မဖြစ်မနေ ပြုလုပ်ရတဲ့ ပွဲပဲလို့ မြင်တယ်” ဟု ပဒိုစောလစ္စတန်က ပြောကြားသည်။

Public Service Announcement

Public Service Announcement

မြန်မာပြည်တွင် စစ်အာဏာရှင်များ၏ အုပ်ချုပ်မှုကို ကြည့်ပါက ၁၉၆၂ ဦးနေဝင်း အာဏာ သိမ်းချိန်မှ လက်ရှိ မင်းအောင်လှိုင်လက်ထက်အထိ အများပြည်သူ၏ ဆန္ဒအစစ်အမှန်မဟုတ်ဘဲ စစ်အုပ်ချုပ်ရေးသားဖြစ်ကြောင်း၊ ဦးနေဝင်း ခေတ်မှ မင်းအောင်လှိုင်ခေတ်အထိတည်တည်ငြိမ်ငြိမ် မဖြစ်၊ ဖွံဖြိုးတိုးတက်မှုမရှိခဲ့ကြောင်း ၎င်းက ပြောသည်။

” ဦးကိုနီစကားကို ငှားသုံးရင်တော့ သူလည်းအသက်ပေးပြီး ပြောသွားခဲ့တာ ပဲနော်။ ဆိုတော့ ဒီစစ်တပ်ကြောင့် တိုင်းပြည် တိုးတက်သွားတာ မရှိဘူး။ ဆုတ်ယုတ်ဆင်းရဲသွားတာပဲရှိတယ်ဆိုတာမျိုးပေါ့ နော်။ အဲဒီတော့ အဲဒီလို အနေအထားမျိုးကို ကျနော်တို့က အားပေးသလိုဖြစ်နေမှာ” ဟု ပဒိုစောလစ္စတန်က စစ်ကောင်စီ ရွေးကောက်ပွဲ ကို ဆန့်ကျင်ရန်လိုအပ်မှုကို ပြောသည်။

တနိုင်ငံလုံးက မထောက်ခံသည့်တိုင် စစ်တပ်သည် ၎င်းတို့ ကို အားပေးသူများ ခရိုနီများ၊ ဆွေမျိုးတော်စပ်သူ နီးစပ်သူများ ကို ဆွဲခေါ်ပြီး စစ်တပ် ဖြစ်စေချင်သည့် အခြေအနေအတိုင်း အကောင်အထည်ဖော်နေသည်ဟု KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌက ပြောသည်။

“သူတို့ မိုက်တယ်ဆိုတာ စနစ်တကျ ဇယားချပြီး မိုက်တဲ့ လူမိုက်မျိုး ဆိုတော့ စနစ်တကျပဲ သူက သူ့အဖွဲ့အစည်းကို အမျိုးမျိုးပြောင်းလဲဖွဲ့စည်းတယ်။ ဒါပေမဲ့ ဒီလူက ဒီလူပါပဲ” ဟု ပဒိုစောလစ္စတန်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မင်းအောင်လှိုင်ကို အာဏာလွှဲပေးသည့် လုပ်ရပ်အပေါ် ပြောပြသည်။

စစ်တပ်သည် ၄င်းတို့ ထွက်ပေါက်ဖြစ်သည့် နိုင်ငံတကာ ထောက်ခံမှုရအောင် လုပ်ဆောင်နေချိန် ပြည်တွင်းကိုမူ ဖိနှိပ်ထားသည်ဟု ဆိုသည်။

ပြည်သူလူထုကို အကျပ်အတည်းဖြစ်စေရန် ဥပဒေများသုံး ဖိနှိပ်ထားကြောင်း ၎င်းက ဆိုသည်။

“ပြည်သူလူထုအကျပ်အတည်းကို ကျနော်တို့က သဘောပေါက်ပါတယ်။ သို့သော်လည်းပဲ အဲဒီ အကျပ်အတည်းကို သိပြီးတော့ အမှန်မှာ ပိုပြီး သိရမှာက ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို ပြည်သူလူထုကြီးက သိဖို့လိုတယ်” ဟု ပဒိုစောလစ္စတန်က ပြောသည်။

ပြည်သူများအနေဖြင့် တိုင်းပြည် သမိုင်းနောက်ခံကို ပြန်ကြည့်ပြီး စစ်ကောင်စီ ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို ကြိုတွေးရန် ၎င်းက တိုက်တွန်းသည်။

“သူ့ရဲ့အုပ်ချုပ်မှုကို အသိအမှတ်ပြုသလိုမျိုး မဲဆန္ဒပေးမိတယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်က ကိုယ့်ပဲ ကိုယ်နိုင်ငံသူ နိုင်ငံသားတွေပဲ ပြန်ခံရမှာ။ ပြောချင်တာက ကိုယ့်ကိုယ်ကို ပြန်သတ်မိသလို ကိုယ့်ရဲ့နိုင်ငံသူ နိုင်ငံသား အားလုံးကိုလည်းဒုက္ခသုက္ခရောက်အောင် ပေးမိတဲ့ ဆန္ဒသဘောထားတခုအနေနဲ့သာလျင်ပါသွားမယ်ဆိုတာကို သတိချပ်ပြီးတော့ အဲဒါကို ကန့်ကွက်မယ် ကိုယ့်ရဲ့ နည်းပရိယာယ် အစွမ်းရှိသမျှတော့ ကိုယ်ကတော့ဆန့်ကျင်ပြီးတော့ မဲမပေးဘူး ၊ မဲပေးခြင်းကို အားမပေးဘူး အဲဒီလိုဖြစ်အောင်တော့ ဆောင်ရွက်စေချင်တဲ့ ကျနော့်သဘောထားရှိတယ်” ဟု KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌက ပြောသည်။

နိုင်ငံရေးအမြှော်အမြင်ရှေ့ရေးကို ကြို တွက်ပြီး စစ်ကောင်စီ ရွေးကောက်ပွဲ အားမပေးခြင်းက အကောင်းဆုံးဖြစ်ဟု ၎င်းက ပြောသည်။

KNU ဗဟိုက စစ်ကောင်စီ ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ပြန်ပြီးနောက် KNU ခရိုင် တပ်မဟာ များကလည်း ၎င်းတို့အနေဖြင့် ဗဟို၏သဘောထားအတိုင်း ရပ်တည်မည်ဖြစ်ကြောင်း အသိပေးကာ စစ်ကောင်စီ၏ ရွေးကောက်ပွဲ ပူးပေါင်းပါဝင်ဆောင်ရွက်သူများကို အရေးယူမည်ဟု ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။